
ဆိုးလ် ဩဂုတ် ၁၀
တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်နှင့် အနီးဝန်းကျင်တွင် ဩဂုတ် ၈ ရက်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ကာ လူ ကိုးဦး သေဆုံးပြီး ခုနစ်ဦး ပျောက်ဆုံးနေကြောင်း ဗဟို ဘေးအန္တရာယ်နှင့် ဘေးကင်းရေး တန်ပြန်ဆောင်ရွက်မှု အစီအမံ များ ဌာနချုပ်ကို ကိုးကား၍ ဩဂုတ် ၁၀ ရက်တွင် ယွန်ဟက် သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ရေကြီး ရေလျှံမှုကြောင့် အဆိုပါ သေဆုံးသူ ကိုးဦး သည် မြို့တော်ဆိုးလ်မှ ငါးဦး၊ ဂျောင်ဂီပြည်နယ်မှ သုံးဦးနှင့် ဂန်ဝန်ပြည်နယ်မှ တစ်ဦးတို့ ဖြစ်သည်။ ဩဂုတ် ၁၀ ရက် နံနက် ပိုင်းအထိ ဆိုးလ်မြို့တွင် မိုးရေချိန် ၅၀၀ မီလီမီတာကျော် ရွာသွန်းခဲ့ ပြီး အနောက်ပိုင်း ဆိပ်ကမ်းမြို့ ဖြစ်သည့် အင်ချွန်း၊ ဂျောင်ဂီ ပြည်နယ်နှင့် ဂန်ဝန်ပြည်နယ် စသည့် ဒေသများတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။
ဆိုးလ်မြို့နှင့် ဂျောင်ဂီ ပြည်နယ်တို့မှ အများဆုံးပါဝင် သည့် အိမ်ထောင်စု ၃၉၈ စုမှ လူပေါင်း ၅၇၀ သည် အိုးအိမ် စွန့်ခွာထွက်ပြေးခဲ့ရပြီး အများ ပြည်သူဆိုင်ရာ အဆောက်အအုံ များအောက်၌ ခိုလှုံခဲ့ကြရကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတစ်ဝန်း ရှိ အိမ်ထောင်စု ၇၂၄ စုမှ လူပေါင်း ၁၂၅၃ ဦးတို့သည်လည်းဘေးလွတ် ရာသို့ ယာယီပြောင်းရွှေ့နေကြ ရကြောင်း သိရသည်။
အများအားဖြင့် ဆိုးလ်မြို့ရှိ မြေနိမ့်ပိုင်းဒေသများမှ လူနေအိမ် နှင့် အဆောက်အအုံ ၂၆၀၀ ကျော် သည် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ သလို လမ်းပေါ်ရှိ ကားအစီးရေ ထောင်ပေါင်းများစွာလည်း ရေနစ် မြုပ်မှုဖြစ်ပေါ်ခဲ့သည်။
ဆင်ဟွာ