
ရန်ကုန် ဩဂုတ် ၁၀
ရန်ကုန် ငါးဈေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ရေထွက်ကုန်မျိုးစုံ ဝင်ရောက် နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန် ရေလမ်းကြောင်းပို့ဆောင်ရေးကဏ္ဍ အဆင်ပြေရန် လိုအပ်လာကြောင်း သိရသည်။
“ရန်ကုန်တိုင်းဒေသကြီးအတွက်သာမက မြန်မာ ပြည် ရေထွက်ကုန်စားသုံးမှုမှာ ဗဟိုစံပြငါးဈေးနဲ့ ရွှေပိတောက် ငါးဈေးဟာအရေးပါပါတယ်။ ဒီလပိုင်း အတွင်းမှာ ကုန်အဝင်လျော့ကျသွားတယ်။ ရေငန်က ပုံမှန်ရေထရက်မှာ ဝင်နေပေမယ့် ရေချိုမွေးမြူရေး ငါးဝင်ရောက်မှုမှာ အခက်အခဲရှိလာတာက လုံခြုံ ရေးစနစ်ပိုင်းစိုးရိမ်မှုကြောင့် စက်လှေတွေ မလိုက် ရဲကြတာ တွေ့ရတယ်။ ငါးဈေးကိုကုန်ပို့ရင် တွံတေးတူးမြောင်းဖြတ်သန်းတဲ့အခါမှာ ရေလမ်းခရီးလုံခြုံ ရေးပိုင်းမှာ အခက်အခဲရှိတဲ့အတွက် လိုက်မယ့် အလုပ်သမားရှားပါးမှုလည်း ကြုံလာရတယ်။ ရေချိုကုန်ပို့တော့မယ်ဆိုရင် အရင်လိုပြိုင်ပြီး မဆင်း လာတော့ဘူး။ ဈေးနှုန်းကို အရင်စုံစမ်းပြီးလမ်းအခြေ အနေ စုံစမ်းပြီးမှ ငါးဈေးကို လာကြတာများတယ်။ အရင်လို မြိုင်မြိုင်ဆိုင်ဆိုင်မလာရဲဘဲ ဝယ်လက်နဲ့ တိုက်ရိုက်ချိတ်ပြီးမှ လာကြတာကြောင့် ရေချိုအဝင် ကုန်ချိန်ပိုပြီး လျော့ကျသွားတာလည်းပါတယ်” ဟု Myanmar Food Part Co.,Ltd မှ တာဝန်ခံ ဦးအောင် ကောင်းကြွယ်က ပြောသည်။
ရန်ကုန်ငါးဈေးကွက်သို့ တွံတေးနှင့် မအူပင် မွေးမြူရေးကန်များမှ ငါးကြင်း၊ ရေချိုငါးမုန့်(ပါပူး)၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ တီလားပီးယား၊ ငါးဝက်မ၊ ငါးတန် အများဆုံးဝင်ရောက်ပြီး ရေငန်ငါးအနေဖြင့် ငါး သေတ္တာငါး၊ ငါးတံခွန်၊ ငါးနှပ်၊ ငါးခေါင်းပွ၊ ငါးမုတ်၊ ငါးတန်၊ တိုက်ဂါးပုစွန်နှင့် အခြားရေငန်ပုစွန်များ အဓိကတင်ပို့လျက်ရှိပြီး ရန်ကုန်ဈေးကွက်သို့ ရေချို ထွက်ကုန်များ ဝင်ရောက်ရာ ရေလမ်းခရီးလုံခြုံ ကောင်းမွန်ပါက ကုန်ကျစရိတ် မြင့်မားသော ကုန်းလမ်းပို့ဆောင်မှုကို လျှော့ချနိုင်မှုဖြင့် ရေချို ထွက်ကုန်များ ယခင်ထက်ပိုမို လှိုင်လှိုင်ဝင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး