
ရန်ကုန် ဩဂုတ် ၆
၂၀၂၂ ခုနှစ် ရာသီချိန်အတွင်း ခရမ်းချဉ်သီး စိုက်ပျိုးတင်ပို့ရောင်းချသည့် ဈေးကွက်မှာ ဈေးနှုန်းအတက်အကျ ခန့်မှန်းရခက်ခဲနေ ကြောင်း မြန်မာနိုင်ငံအထက်ပိုင်း ခရမ်းချဉ် သီးဈေးကွက်မှ သိရသည်။
‘‘ဒီနှစ်အတွက် ခရမ်းချဉ်သီးဈေးကွက်နဲ့ ပတ်သက်တဲ့ အခက်အခဲကတော့ ဈေးကွက်က အရင်နှစ်ကထက် ကျဆင်းနေတာပါ။ ပုံမှန် ဆိုရင် ပင်းတယ၊ ရပ်စောက်၊ ရွာငံတို့ ဘက်က စိုက်ပျိုးတောင်သူတွေ စုံလာတဲ့ အချိန် အသီးထွက်နှုန်းများပြီး ဈေးကျ တတ်တယ်။ အသီးမညီတဲ့အချိန် မတ်လ ကနေ မေလအတွင်းမှာဆိုရင်တော့ နွေသီး ဆိုတော့ ဈေးပုံမှန်ရတတ်ပါတယ်။ ဒီနှစ်မှာ တော့ ရှမ်းပြည်နယ်ဘက်က ထွက်နေတဲ့ အသီးတစ်ခုတည်းနဲ့တင် ဈေးကောင်းမရဘူး ဆိုတော့ တခြားဒေသက အသီးတွေသာ ပြုံထွက်လာမယ်ဆိုရင် ဒီနှစ်ဈေးကွက်က တကယ့်ကို မှန်းဆရခက်နေပါပြီ ”ဟု ရှမ်း ပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့မှ ခရမ်း ချဉ်သီး စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သူ ကိုစိုင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ခရမ်းချဉ်သီးကို ရှမ်း ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း စသည့် နေရာ တော်တော်များများတွင် စိုက်ပျိုးလေ့ရှိကြပြီး ဒေသတစ်ခုနှင့်တစ်ခု စိုက်ပျိုးချိန်များ မတူညီ ကြပေ။ ရှမ်းပြည်နယ်မှ ထွက်ရှိသည့် ခရမ်းချဉ်သီးများမှာ ခရမ်းချဉ်သီးအစိမ်း ဈေးကွက်ကိုသာ အများဆုံး အားထားနေရပြီး ခရမ်းချဉ်သီးအမှည့်ဈေးကွက်မရှိကြောင်း သိရ သည်။
‘‘ကျွန်တော်တို့ ရှမ်းပြည်ဘက်မှာက ခရမ်း ချဉ်သီးအမှည့် ဈေးကွက်မရှိဘူး။ အစိမ်းသီးပဲ ခူးရောင်းကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အင်းလေးဒေသရဲ့ ရေပေါ်/ကုန်းပေါ် နေရာ တော်တော်များများက ခရမ်းချဉ်စိုက်ပျိုးကြတဲ့ အတွက် အထွက်များတယ်။
ရှမ်းတောင် အတွင်းက တခြားဒေသတွေရဲ့ စိုက်ပျိုးမှုလည်း ရှိသေးတယ်။ ဒါ့ကြောင့် ပွဲစားတွေက အသီး စိမ်းတွေကို ဝယ်လှောင်ထားပြီး မှည့်ခါနီးတဲ့ အသီးတွေကိုမှ ခွဲခွဲရောင်းချကြတယ်။ အသီး စိမ်းတွေဆိုတော့ ဈေးကွက်ကိုချိန်ဆရောင်းချ လို့ရတာပေါ့။ အသီးအမှည့်ကျတော့ ညောင်ရွှေ ဘက်က ပွဲစားတွေက မယူဘူး။ မိတ္ထီလာတို့ မန္တလေးဘက်က ပွဲစားတချို့တော့ ကားနဲ့ လာဝယ်တာမျိုး ရှိတတ်တယ်’’ဟု ၎င်းက ဆက် ပြောသည်။ ပုံမှန်အားဖြင့် နှစ်စဉ် မေလမှ စက်တင်ဘာလအတွင်း ကာလများသည် ခရမ်းချဉ်သီး ဈေးကောင်းရရှိသည့် ကာလများ ဖြစ်ကြပြီး ယခုနှစ်သည် ခရမ်းချဉ်သီး ဈေးကွက် မတည်ငြိမ်သည့် နှစ်တစ်နှစ် ဖြစ်ကြောင်း ခရမ်းချဉ်သီးပွဲရုံများထံမှ သိရ သည်။
နန်းထက်ထက်ချစ်