
နေပြည်တော် ဩဂုတ် ၄
မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကော့ပရံကျေးရွာအနီးတွင် နိုင်ငံတကာ အဆင့်မီ လေယာဉ်ကွင်း အသစ်တစ်ခုနှင့် ဘလောက်ညောင်ဝိုင်း ကျေးရွာနှင့် ဝဲကလိကျေးရွာ အကြားတွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း အသစ် တစ်ခုတည်ဆောက်နိုင်ရေးအတွက် မြေနေရာ သတ်မှတ်ထားရှိ ပြီးဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရဲ့ ပြီးခဲ့တဲ့နှစ် ဇွန် ၁ ရက်က လာရောက်ခဲ့တဲ့ ခရီးစဉ်မှာ မွန်ပြည်နယ်တွင် နိုင်ငံတကာ အဆင့်မီလေယာဉ်ကွင်း အသစ်တစ်ခု တည်ဆောက်နိုင်ဖို့နဲ့ ပင်လယ်နဲ့ နီးတဲ့အတွက် ဆိပ်ကမ်းမြို့ တစ်ခုအဖြစ် ဖြစ်လာအောင် ဆောင်ရွက်ဖို့ လမ်းညွှန်ခဲ့တာ ရှိပါတယ်။ အဓိကကတော့ ဒေသစီးပွား ပိုပြီးဖွံ့ဖြိုးလာဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါကြောင့် လေဆိပ်တစ်ခု တည်ဆောက် သွားဖို့ မြေနေရာရှာဖွေပြီး ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု တင်ပြခဲ့ တယ်။ ဒီလိုပဲ မော်လမြိုင်မြို့ကို ပင်လယ်ဆိပ်ကမ်း မြို့တစ်မြို့အဖြစ် အဆင့်မြှင့်တင်နိုင်ဖို့ ဆိပ်ကမ်းကောင်းတစ်ခု တည်ဆောက်နိုင်မယ့် နေရာကိုလည်း လေ့လာဆန်းစစ်တင်ပြခဲ့ပါတယ်” ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့အနီး နိုင်ငံတကာအဆင့်မီ အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တည်ဆောက်ရန်အတွက် မြေနေရာစုစုပေါင်း စီမံကိန်း အဆိုပြု ဧရိယာ ၄၆၂၆ ဒသမ ၂၉ ဧက လျာထားဆောင်ရွက်ထားကြောင်း ပြည်နယ်အစိုးရ အဖွဲ့မှ သိရသည်။
“မွန်ပြည်နယ်မှာ လေဆိပ်နဲ့ ဆိပ်ကမ်းတစ်ခု အကောင်အထည် ဖော်မယ်လို့ သိရပါတယ်။ ဒါကိုလည်း အမြန်ဆုံးအကောင်အထည် ဖော်စေချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ဒီက ထွက်တဲ့ ကုန်ချောတွေကို ရေလမ်းကြောင်းကနေတစ်ဆင့် အခြားနိုင်ငံ တွေကို တင်ပို့ရောင်းချတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကထွက်ကုန် တွေကို ရန်ကုန်မြို့မှာရှိတဲ့ ဂိုဒေါင်တွေကို ငှားပြီး အဲဒီကနေတစ်ဆင့် ဆိပ်ကမ်း၊ ဆိပ်ကမ်းကနေ သက်ဆိုင်ရာနိုင်ငံကို ပြန်လည်တင်ပို့ ရောင်းချရတာ ဖြစ်ပါတယ်။ ဒီအတွက် သယ်ယူပို့ဆောင်ခတွေ အများကြီးကုန်ကျပါတယ်။ ဒီမှာဆိပ်ကမ်းတစ်ခု တည်ဆောက်လိုက် မယ်ဆိုရင်တော့ ဒီကနေတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို တိုက်ရိုက် တင်ပို့နိုင်မှာ ဖြစ်ပါတယ်” ဟု ရော်ဘာလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးထက်အောင်က ပြောသည်။
မွန်ပြည်နယ်အတွင်း နိုင်ငံတကာအဆင့်မီ လေဆိပ်နှင့် ဆိပ်ကမ်း တည်ဆောက်ပြီးပါက ဒေသတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ခြင်း၊ စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်း၊ အလုပ်အကိုင်အသစ်များ ရရှိလာနိုင်ခြင်း စသောအကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။
မင်းမင်း