
သီပေါ ဩဂုတ် ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ ရတနာရွှေဂူကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက မြို့နယ်ဩဝါဒါ စရိယ သက်တော် (၉၂) နှစ်၊ ဝါတော် (၆၉) ဝါရ ဆရာတော် ဘဒ္ဒန္တ ခေမိန္ဒ မဟာထေရ်မြတ်သည် (ဝါခေါင် လဆန်း ၂ ရက်) ဇူလိုင် ၂၉ ရက် ည ၇ နာရီက ဘဝနတ်ထံပျံလွန်တော်မူကြောင်း သိရသည်။
ဆရာတော်ကြီး၏ သာဓုကိဠန အန္တိမအဂ္ဂိဈာပန မီးသင်္ဂြိုဟ် ပူဇော်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီ က နတ်မိန်သုသာန်လောင်တိုက်၌ ကျင်းပရာ ဆရာတော်သံဃာတော် အရှင်သူမြတ်များက အနိစ္စာဝတ သင်္ခါရာ ဂါထာတော် (၃) ပုဒ်ကို ရွတ်ဆိုတော်မူကြပြီး သရဏဂုံ သုံးပါးနှင့် ကိုးပါးသီလ ခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ ရတနာရွှေဂူ ကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တ ဝိစိန္ဒာအရှင်သူမြတ်က အာစရိယဂုဏဝန္ဒနာ ဂါထာတော် ကိုလည်းကောင်း၊ မန္တလေးမြို့ မန်အောင်ကျောင်းတိုက် စူဠာမဏိ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝိစိန္ဒာ အရှင်သူမြတ်က ပစ္ဆိမ ဝန္ဒနာဂါထာတော်ကို လည်း ကောင်း၊ ပျံလွန်တော်မူသွားသော ဆရာတော်ကြီးအား တပည့် သံဃာတော်များနှင့် ဒါယကာ ဒါယိကာမအပေါင်းတို့က အပြစ် ရှိက ခွင့်လွှတ်တော်မူပါရန် ဝန်ချ တောင်းပန် ကန်တော့လွှာကို မြို့နယ်သံဃနာယကအဖွဲ့ အကျိုး တော်ဆောင် ပြည်နယ်သံဃာ့ ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တ ကောသလ အရှင်သူမြတ်က တိုင်တည်ပေး၍ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေကာ အန္တိမ အဂ္ဂိဈာပန မီးသင်္ဂြိုဟ် ပူဇော်ကြသည်။
ဆရာတော်ကြီး၏ သာဓုကိဠန အန္တိမအဂ္ဂိဈာပန မီးပူဇော်ပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းနှင့် အဖွဲ့ ဝင်များ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တ မိလိန္ဒအရှင်သူမြတ် နှင့် ဆရာတော် သံဃာတော်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ မြို့နယ်သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တအာင်းလူငယ် အဖွဲ့နှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင် များနှင့် ပရဟိတအသင်းအဖွဲ့များ တက်ရောက် ကြည်ညိုပူဇော်ကြ ကြောင်း သိရသည်။
စိုင်း (သီပေါ)