
ထွန်းကျော်
ဂျပန်နိုင်ငံရဲ့ ဒီနှစ်နွေရာသီဟာ အခါတိုင်းနှစ်ထက် အဝင်စောခဲ့ပါတယ်။ နွေဦးရာသီနဲ့ နွေရာသီကြား ကူးပြောင်းရာသီဖြစ်တဲ့ မိုးရာသီဟာ ရုတ်တရက်ကြီး ပြီးဆုံးသွားခဲ့ပြီး မျှော်လင့်မထားတဲ့ အပူလှိုင်းက ဆီးကြိုလို့နေပါတယ်။
မကြာသေးမီနှစ်တွေက ဒီနှစ်ရာသီဥတုပုံစံမျိုးဖြစ်အောင် ဖန်တီးတယ်ဆိုပါက မိုးကုပ်စက်ဝိုင်း အောက်က အပူလျှပ်ခြင်းမှသည် တိုင်ဖွန်းမုန်တိုင်း တွေအထိပါဝင်တဲ့ ပိုမိုခက်ခဲတဲ့အချိန်တွေကို ဂျပန်နိုင်ငံအနေနဲ့ ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။
တိုကျိုဒေသမှာ စိုစွတ်တဲ့ ရာသီဥတုဟာ အခါတိုင်းထက် ၂၂ ရက်စောပြီး ပြီးဆုံးခဲ့ပါတယ်။ ဒါဟာ ၁၉၅၁ ခုနှစ်ထဲကစပြီး အစောဆုံး ပြီးဆုံး ခဲ့တာဖြစ်ပါတယ်။ မိုးရာသီ ပြီးဆုံးသွားပြီဆိုရင်ပဲ နေလုံးကြီးက ပြူးပြဲပြီးထွက်ပေါ်လာကာ လောက ဓာတ်တစ်ခွင်ကို သူ့ရဲ့ရောင်ဝါတွေနဲ့ လွှမ်းခြုံလိုက် ပါတယ်။
ပူပြင်းတဲ့နေမင်းရဲ့ ရောင်ဝါတွေကြောင့် မြို့တော်တစ်ခွင်လုံးမှာ အပူချိန်ဟာ အခါတိုင်းနဲ့ မတူဘဲ ၃၅ ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိ လာခဲ့ပါတယ်။ ဒါဟာ တစ်ရက်တည်းမှာ ဖြစ်ပွားတဲ့ အပူချိန်မဟုတ်ပါဘူး။ ကိုးရက်ဆက်တိုက် ဒီအပူချိန် ကနေမကျဘဲ အရှည်ကြာဆုံး အပူလှိုင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ဂျပန်နိုင်ငံတစ်ဝန်း ပျမ်းမျှအပူချိန်ဟာ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၁၀၀ အတွင်းမှာ ၁ ဒသမ ၂၆ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်လာခဲ့ပါတယ်။ တိုကျိုမှာဆိုရင် အပူချိန်ဟာ ၂ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ တစ်ခါတစ်ရံ အပူချိန်ဟာ ၄၀ ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိခဲ့ပါတယ်။ ၁၉၃၃ ခုနှစ်ဖြစ်စဉ်အပြင် လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်းမှာ အပူဆုံးရက်ပေါင်း ၃၀ တိတိ စံချိန်တင် ဖြစ်ပွားခဲ့ပါတယ်။
ဂျပန်နိုင်ငံဟာ နောက်ဆုံးအကြိမ်အဖြစ် အတို တောင်းဆုံး မိုးရာသီနဲ့ ကျောကွဲအောင်ပူတဲ့နေကို တွေ့ကြုံခဲ့ဖူးပြီ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ လူပေါင်း ၉၀၀၀၀ အပူနဲ့ဆက်စပ်တဲ့ နေမကောင်းဖြစ်မှုတွေ ကြုံတွေ့ခဲ့ပြီး ဆေးရုံတက်ခဲ့ရပါတယ်။
၂၀၂၂ ခုနှစ် သြဂုတ်လမှာတော့ ဂျပန်နိုင်ငံ တစ်ဝန်း အပူချိန်ဟာ မိုးထိအောင်မြင့်မားလာခဲ့ပြီး အရှေ့ဘက်မှသည် အနောက်ဘက် တစ်နံတလျား အထိ ပြုတ်ထားသလို ပူလောင်ကာ ၄၀ ဒီဂရီ ဆဲလ်စီးယပ်နီးပါး မြင့်တက်လာခဲ့ပါတယ်။
အဲလို အပူချိန်ရုတ်တရက် မြင့်တက်လာတာ ကြောင့် ဂျပန်မိုးလေဝသအေဂျင်စီကတော့ ပြည်သူ တွေကို အပူကြောင့်ဖြစ်နိုင်တဲ့ ရောဂါဘယတွေကို ရှောင်ရှားဖို့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားကြ ဖို့ တိုက်တွန်းထားခဲ့ပါတယ်။
ပြည်သူတွေကို အစိုးရရဲ့ သတိပေးချက်တွေ အမြဲဂရုစိုက်ဖို့ ရေဓာတ်ပြည့်နေအောင်နေဖို့၊ မလိုအပ်ဘဲ ခရီးမထွက်ဖို့နဲ့ အပြင်ဘက်တွေမှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမလုပ်ဖို့၊ အပူလျှပ်ခြင်း ကိုကာကွယ်ဖို့ လေအေးပေးစက်ကို အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။
အပူချိန်ဟာ တိုကျိုနိုင်ငံမြောက်ပိုင်း ကူမာ ဂါယာမှာ ၄၁ ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိလာ နိုင်ပြီး ဂျပန်နိုင်ငံအလယ်ပိုင်း နာဂိုယာမှာ ၃၉ ဒီဂရီ ဆဲလ်စီးယပ်အထိနဲ့ တိုကျိုအလယ်ပိုင်းမှာ ၃၇ ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိလာမယ်လို့ မိုးလေဝသအေဂျင်စီက ဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံပေါ်မှာ လေဖိအားများခြင်းက အပူချိန်ကို မြင့်တက်လာစေကြောင်း ဂျပန် မိုးလေဝသက ပြောပါတယ်။ မိုးလေဝသအခြေအနေ ဟာ မတည်ငြိမ်တဲ့အတွက် ဂျပန်နိုင်ငံမြောက်ပိုင်းဒေသတွေဖြစ်တဲ့ တိုဟိုကူနဲ့ ဟော့ကိုင်းဒိုးတို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။
ဒါဟာ လေပူကြောင့်နဲ့ စိုထိုင်းတဲ့လေတွေက လေဖိအားနည်းစနစ်ကို တိုက်ခတ်တဲ့အတွက် သာမက နိုင်ငံမြောက်ပိုင်းရှိ လေစိုင်ဆုံတွေကြောင့် ဖြစ်ပါတယ်။ နေ့ဘက်အပူချိန် မြင့်တက်လာတဲ့ အတွက်ကြောင့်နဲ့ စိုထိုင်းတဲ့လေတွေကြောင့် လေထုအခြေအနေဟာ ဂျပန်နိုင်ငံ ကန်တို-ကိုရှင် ဒေသမှာ မငြိမ်မသက်ဖြစ်နေပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံရဲ့ တချို့ဒေသတွေမှာ မိုးကြိုးပစ်ခြင်းတွေ၊ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်နိုင်ပါတယ်။
အဲလိုအပူရှိန်တွေဟာ သမုဒ္ဒရာတွေကို ပူနွေး စေပြီး တိုင်ဖွန်းဂျက်ဘီလိုမျိုး အင်အားပြင်းတိုင်ဖွန်း မုန်တိုင်းတွေကို ဖြစ်ပေါ်စေပါတယ်။ တိုင်ဖွန်းဂျက်ဘီ ဟာ ၂၅ နှစ်အတွင်းမှာ အင်အားအပြင်းထန်ဆုံး မုန်တိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။
ဒီလိုမျိုးဖြစ်စဉ်မျိုး ၂၀၂၂ ခုနှစ် နွေရာသီမှာ ဖြစ်လာမလားဆိုတာ မသိသေးပါဘူး။ ဂျပန်နိုင်ငံ ကို လွှမ်းခြုံထားတဲ့ ပင်လယ်အပူချိန်ကတော့ သာမန်ထက် ပိုမိုမြင့်မားနေပါတယ်။
ဂျပန်ပင်လယ်ပြင်နဲ့ အိုကာတ်စ်ပင်လယ်ပြင် တို့ဟာ အခါတိုင်းထက် ပိုပြီးပူနွေးနေကြပါတယ်။
တချို့ဒေသတွေမှာဆိုရင် အခါတိုင်းထက်ပိုပြီး ပူနေကြပါတယ်။ ဂျပန်နိုင်ငံဟာ တစ်နှစ်ပတ်လုံးရဲ့ အပူဆုံးအချိန်ကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ အပူလျှပ်ခြင်းဟာ လူတွေရဲ့ အသက်တွေကို ခြိမ်းခြောက်နေပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံ တစ်ဝန်းမှာရှိသူတွေဟာ ဘေးအန္တရာယ်ကင်းဝေးစွာ နေထိုင်နိုင်ရေး ပိုပြီးဂရုစိုက်ကြရမှာ ဖြစ်ပါတယ်။
ကိုးကား-အင်န်အိတ်ချ်ကေ