ဆင်ဖြူတော် ကြန်အင်လက္ခဏာများနှင့်ကိုက်ညီသော ဆင်ဖြူတော် ပထမဆုံးပေါ်ထွန်း

 

နေပြည်တော်၊  ၂-၈-၂၀၂၂

 

ရခိုင်ပြည်နယ်၊     တောင်ကုတ် မြို့နယ်ရှိ     မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားရှိသော ဆင်ဝိုင်း မှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ် က ထူးခြားအသွင်သဏ္ဌာန်ရှိသည့် ဆင်ဖြူတော် (အထီး)   ကလေး (၁)စီးအား  ၂၃-၇-၂၀၂၂ ရက်နေ့ နံနက်ပိုင်း  မင်္ဂလာအချိန် ၀၆:၃၀ နာရီတွင်   မွေးဖွားခဲ့ပြီး   အဆိုပါ ဆင်ဖြူတော်ကလေးမှာ     အရပ် အမြင့် ၂ ပေ ၅ လက်မ၊   ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊   ကျော အလျား ၂ ပေ၊ အမြီးအလျား ၁ ပေ ၆  လက်မနှင့်    မွေးဖွားစ   ကိုယ် အလေးချိန်   ၁၈၀  ပေါင်ခန့်    ရှိပါ သည်။

 


ရှေးသမိုင်း    ပညာရှိများ၏ မိန့်ဆိုချက်များအရ      ရတနာဆင်ဖြူတော်များ၏   ကြန်အင်လက္ခဏာ များသည်     မျက်လုံး ပုလဲရောင်၊       ငှက်ပျောကိုင်း သဏ္ဌာန်ကျောကုန်း၊     အဖြူကဲ့သို့     အမွေးရောင်၊   အမြီးမှာ တံခါးပိတ်လက်ဝါး  ပုံသဏ္ဌာန်၊  အရေပြား ဩဇာကွက်၊ အသားအရေ ပန်းရောင်၊   ခြေဖဝါးတွင်   ရှေ့ခြေသည်း  ၅  ခုစီနှင့် နောက်ခြေသည်း  ၅  ခုစီ ပါပြီး နားရွက်မှာ  နားကြီးခြင်းတို့   ရှိရမည်ဖြစ် ကြောင်း အချက် ၈ ချက်ဖြင့် ဖော်ပြထားပါသည်။

 


အထက်ဖော်ပြပါ   ရခိုင်ပြည်နယ်တွင်     ထပ်မံ ပေါ်ထွန်းသည့်     ဆင်ဖြူတော်   (အထီး)  ကလေး သည်    ဆင်ဖြူတော် များ၏     ကြန်အင်လက္ခဏာ        များအနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊   ကျောကုန်း မှာ      ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊       အမွေး    အဖြူရောင်ဖြစ်ခြင်း၊    အမြီးတခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ  ဩဇာကွက်ဖြစ်ခြင်း၊    အသားအရေ  ပန်းရောင် ဖြစ်ခြင်း၊    ခြေဖဝါးတွင်   ရှေ့ခြေသည်း   ၅ ခုစီနှင့်    နောက်ခြေသည်း     ၄  ခုစီ   ပါရှိခြင်း၊   နားကြီးခြင်း တို့ကြောင့်     ဆင်ဖြူတော်ကလေးမှာ   ရတနာဆင်ဖြူတော်များ၏   ကြန်အင်လက္ခဏာ        များနှင့်  ကိုက်ညီမှုရှိကြောင်းနှင့်    အချက် ၈ ချက် တွင်    ၇ ချက်  ကိုက်ညီမှုရှိကြောင်း    စိစစ်တွေ့ရှိ ရပါသည်။

 


ယခင်  ပေါ်ထွန်းခဲ့သည့်  ဆင်ဖြူတော် ၉ စီး တွင် ပထမဆုံးပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော် ၁ စီး  သာ   ကြန်အင်လက္ခဏာ ၇ ချက်နှင့်    ကိုက်ညီခဲ့ပြီး   ကျန် ဆင်ဖြူတော် ၈ စီးမှာ   အများဆုံး ၆ ချက်သာ   ကိုက်ညီသည်ကို စိစစ်တွေ့ရှိရပါသည်။ 

 


ယခု   ပေါ်ထွန်းလာသည့်   ဆင်ဖြူတော်ကလေး မှာ  အသက်  (၁၀) ရက်သားတွင်  အရပ်အမြင့် ၂ ပေ ၅ လက်မခွဲခန့်နှင့်     ကိုယ်အလေးချိန်     ၁၉၀ ပေါင်ခန့်ရှိလာပြီး        မိခင်ဆင်မကြီးနှင့်အတူ  ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း    သတင်းထုတ်ပြန် အပ်ပါသည်။   


  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် 
ထိန်းသိမ်းရေးဝန်ကြီးဌာန