
ဘုတ်ပြင်း ဇူလိုင် ၃၀
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်အတွင်းရှိ ဆလုံ (မော်ကယ်) တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးက ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ က တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ် များ၊ စာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားများ၏ အခွင့် အရေးများ၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များကို အစဉ်အမြဲအလေးထား ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေကြီးအတွင်းရှိ ဆလုံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ထောက်ပံ့ရေးလုပ်ငန်းများ ကိုတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှစ်စဉ်ပံ့ပိုးပေးလျက် ရှိရာ ယခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်း အသုံးစရိတ် ဖြင့် ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်ရှိ (မော်ကယ်)ဆလုံလူမျိုးများအတွက် ဆန်နှင့် ဆီ များကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ်တွင် ဘုတ်ပြင်းမြို့နယ်၌ ကျေးရွာပေါင်း ငါးရွာရှိ ဆလုံလူမျိုးများအတွက် ကဏန်းပိုက် ၄၁၅ ခုနှင် ဖိုင်ဘာလှေ ၈၃ စင်းကို လည်းကောင်း၊ ကော့သောင်းမြို့နယ်အတွင်းရှိ ကျေးရွာ ငါးရွာအတွက် ဖိုင်ဘာလှေ အစင်း ၁၀၀ နှင့် ကင်းမွန်မျှား အခု ၅၀၀ တို့ကိုလည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ဆလုံတိုင်းရင်းသားကလေးသူငယ်များ အတွက် ရုပ်ပြ၊ ပုံပြင်စာအုပ်များ၊ စာပေဆရာအဖြစ် မွမ်းမံသင်တန်းနှင် စာပေပြန့်ပွားရေးသင်တန်းများ ကျင်းပနိုင်ရေးအတွက် ရန်ပုံငွေများ ထောက်ပံ့ ပေးအပ်လျက်ရှိပြီး နောက်လာမည့်နှစ်များတွင် ယခု ကဲ့သို့ ဆလုံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီးက ဘုတ်ပြင်းမြို့ အလယ်မန်ကျေးရွာအုပ်စု ကျေးရွာ နှစ်ရွာနှင့် ကရသူရိမြို့ မသေကျေးရွာအုပ်စု ကျေးရွာ သုံးရွာမှ ဆလုံတိုင်းရင်းသားများ အိမ်ထောင်စု ၉၅ စုရှိ ဆလုံတိုင်းရင်းသားများကို အိမ်ထောင်စု တစ်စုလျှင် ဆန်နှစ်အိတ်၊ ဆီတစ်ပုံးနှုန်းဖြင့် ဆန် ၂၄ ပြည်အိတ် ၁၉၀ ၊ ဆီငါးပိဿာ ဆီပုံး ၉၅ ပုံးတို့အား ထောက်ပံ့ပေးခဲ့ရာမှ တာဝန်ရှိသူ များက လက်ခံရယူခဲ့ပြီး ထိုသို့ထောက်ပံ့မှုအတွက် ဆလုံစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးငွေဝင်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီးသည် တက်ရောက်လာသည့် ဒေသခံများ၊ ဌာနဆိုင်ရာများ နှင့် တွေ့ဆုံဆွေးနွေးပြီး ဒေသခံများ တင်ပြသည့် ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိမှုအခြေအနေ တို့ကို ဆွေးနွေးညှိနှိုင်းပေးကာ ကျန်ရှိနေသည့် အချက်အလက်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့ သို့ ကဏ္ဍအသီးသီးအလိုက် ပြန်လည်တင်ပြသွား မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဘုတ်ပြင်း (ပြန်/ဆက်)