
နေပြည်တော် ဇူလိုင် ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန် ရေးအဖွဲ့၏ (၁၈) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ ကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ရုရှားနိုင်ငံခရီးစဉ်ဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ အကြမ်း ဖက်အဖွဲ့အစည်းအချို့နှင့် ပြည်ဖျက်မီဒီယာအချို့တို့ က လုပ်ကြံဖန်တီးထားသည့် ပျူစောထီးဟူသည့် အခေါ်အဝေါ်၊ တိုင်းရင်းသား လက်နက်ကိုင်ဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စရပ်များနှင့် ဆက်စပ်မှုများကိုလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
သတင်းထောက်များ တက်ရောက်
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်း ဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက် များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့၏ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး အခြေ အနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲ့၏ ဇူလိုင် ၁၀ ရက် မှ ၁၆ ရက်အထိ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်နှင့် ပတ်သက်သည်များ၊ ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးအတွက် ကဏ္ဍအသီးသီးမှ တာဝန်ရှိ သူများနှင့် ဆွေးနွေးညှိနှိုင်းခဲ့မှု၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်နှင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာချက်များအပေါ် မဟုတ်မမှန် ကောလာဟလ ဝေဖန်ချက်များ၊ နိုင်ငံတော်မှ နိုင်ငံ့ ဝန်ထမ်း (အမြဲတမ်းဝန်ထမ်းများကို အိမ်ငှားစရိတ် အဖြစ် အိမ်ထောင်သည်ဖြစ်ပါက မူရင်းလစာ၏ ၈ ရာခိုင်နှုန်းနှင့် လူပျိုဖြစ်ပါက ၄ ရာခိုင်နှုန်း) ကို ထောက်ပံ့ပေးမည့် အစီအစဉ်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် ကျပ် ၁၀၀၀၀ ကို လစဉ် ထောက်ပံ့ပေးသွားမည့် အစီအစဉ်၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အတိုးနှုန်းသက်သာသည့် ချေးငွေများ ထုတ်ချေးပေးသွားမည့် အစီအစဉ်။
ပြည်ဖျက်မီဒီယာအချို့နှင့် အကြမ်းဖက်အဖွဲ့များ လုပ်ကြံဖန်တီးထားသည့် ပျူစောထီးဟူသည့် အသုံး အနှုန်းအကြောင်း၊ ပျူစောထီးဖြစ်ပေါ်လာပုံ သမိုင်း ကြောင်း၊ အစိုးရနှင့် တပ်မတော်အနေနှင့်ပါ ဖဆပလကဲ့သို့ ဒီမိုကရေစီ အရေခြုံအာဏာရှင်စနစ် ထူထောင်ရန် ခါးပိုက်ဆောင်တပ် ပျူစောထီးကို ဖွဲ့စည်းခဲ့ခြင်းမရှိဘဲ တပ်မတော်အနေဖြင့် တည်ဆဲ ဥပဒေများအရ ဒေသခံပြည်သူလူထုက ၎င်းတို့၏ ကျေးရွာ၊ ရပ်ကွက်များ လုံခြုံရေးအတွက် ပြည်သူ့စစ် ဖွဲ့စည်းခွင့် တင်ပြလာပါက ဖွဲ့စည်းခွင့်စိစစ်ခြင်း၊ ဖွဲ့စည်းခွင့်ပြုခြင်း၊ လိုအပ်သည့်လက်နက် တပ်ဆင် ပေးခြင်း၊ စစ်မြေပြင်စည်းကမ်းနှင့် စစ်သင်တန်းပေး ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ။
တွေ့ဆုံဆွေးနွေးရန် စီစဉ်ဆောင်ရွက်
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းချက်၏ ရလဒ်အနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၊ NCA လက်မှတ်ရေးထိုးထား ခြင်းမရှိသည့် လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ စုစုပေါင်း ၉ ဖွဲ့က နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ပြီး အဆိုပါအဖွဲ့များနှင့် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊ အချို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် လည်း တွေ့ဆုံဆွေးနွေးရန်အတွက် စီစဉ်ဆောင်ရွက် လျက်ရှိမှု။
ရှင်းလင်းပြောကြား
တပ်မတော်နှင့် AA အဖွဲ့တို့အကြား ၂၀၂၀ ပြည့် နှစ်မှစ၍ ပစ်ခတ်တိုက်ခိုက်မှု လုံးဝနီးပါးမရှိခဲ့ဘဲ ငြိမ်းချမ်းရေးတစ်စိတ်တစ်ပိုင်းတည်ဆောက်နိုင်ခဲ့သော်လည်း AA အဖွဲ့အနေဖြင့် ပြီးခဲ့သည့်လအချို့မှ စတင်၍ အပြစ်မဲ့ပြည်သူတချို့ကို ဖမ်းဆီးခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဖမ်းဆီးခြင်းများ စတင်လုပ်ဆောင်လာခဲ့ပြီး တစ်ချိန် တည်းတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုကို မလိုလားသော ပြည်ဖျက်အချို့ကလည်း သတင်းတု၊ သတင်းမှားများဖြင့် တစ်ဖက်နှင့် တစ်ဖက် အထင် အမြင်လွဲမှားစေရန်နှင့် သံသယစိတ်များဖြင့် စစ်မီး တောက်စေရန် တွန်းပို့ခဲ့ကြသည့် ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ KNU အဖွဲ့အတွင်း ကွဲလွဲမှုအချို့ဖြစ်ပေါ်နေပြီး ငြိမ်းချမ်းစေလိုသည့် စိတ်ရှိသူများနှင့် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းလိုသူများလည်း ရှိသည်ဖြစ်ရာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်သူများအား လာရောက်ဆွေးနွေးနိုင်ရန် တံခါးဖွင့်ထားလျက်ရှိမှု၊ NUG အမည်ခံအကြမ်းဖက်အဖွဲ့က ထူထောင်ထား သည့် တရားမဝင် ပညာရေးကျောင်း ဖြစ်သော Kaung for You Online ပညာရေးဆိုင်ရာ ကိစ္စရပ်များ နှင့် ဆက်စပ်မှုများကို video ဖိုင်များ၊ Power Point Presentation များဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ အား စစ်ဆေးဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို Power Point Presentation ဖြင့် ရှင်းလင်းပြောကြား သည်။
ယင်းနောက် သတင်းဌာနများမှ သတင်းထောက် များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စား လှယ်များက ပြန်လည်ရှင်းလင်းပြောကြားပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်ဖော်ပြသွားမည်
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်း မီဒီယာများ မှီငြမ်းကိုးကားနိုင်ရေးအတွက် သတင်းစာရှင်းလင်းပွဲဆိုင်ရာ အချက်အလက်များနှင့် ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားရှိရာ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှု လေ့လာခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှု၊ မေးမြန်းဖြေကြားမှုအပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်