
ပညာရေးမူဝါဒနှင့် မကိုက်ညီသည့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်သည့်ကိစ္စနှင့်ပတ်သက်၍ စိစစ်အရေးယူဆောင်ရွက်သွားမည်
နေပြည်တော် ဇူလိုင် ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂၀၂၂) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်း ဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။
နိုင်ငံရေးနှင့်ဆက်စပ်သည့် လုံခြုံရေးအခြေအနေ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရ အရေး ပေါ် အခြေအနေကြေညာ၍ တာဝန်ယူဆောင်ရွက် ခဲ့ခြင်းသာဖြစ်ပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ ခြင်းမဟုတ်ကြောင်း၊ မိမိတို့အား ပေးအပ်ထားသည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကိစ္စရပ် များကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ဆဲဥပဒေ များ အပေါ်တွင်မူတည်၍ ဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ စတင်တာဝန်ယူချိန်တွင် ဆူပူမှုများ မရှိသေးသော်လည်း ဖေဖော်ဝါရီ ၃ ရက်နောက်ပိုင်း တွင် ဆူပူမှုများစတင်ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း အကြမ်းဖက်မှုများအထိ ဖြစ်ပေါ်လာခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်မှုများကို လုံခြုံရေး၊ အုပ်ချုပ် ရေးနှင့် စည်းရုံးရေးဆိုင်ရာ လမ်းကြောင်းများဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုအခါ နည်းပါးသွားသည်ကို တွေ့ရှိရကြောင်း၊ အကြမ်း ဖက်မှုများကို အရေးယူဆောင်ရွက်ခဲ့ရာတွင် ဥပဒေ နှင့်အညီသာ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ ဆူပူအကြမ်းဖက်မှုများကို နှိမ်နင်းရန် အတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ ဆောင်ရွက် ရပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လက်နက်ကိုင် သောင်းကျန်းမှုများကို တပ်မတော်မှ တာဝန်ယူ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဆူပှုအကြမ်းဖက်မှုများကို ဖြေရှင်း ဆောင်ရွက်ရာတွင် အချို့သောနေရာဒေသများမှ လွဲ၍ တတ်နိုင်သမျှရဲတပ်ဖွဲ့ဝင်များဖြင့်သာ ဖြေရှင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံဖြစ် သဖြင့် စစ်အုပ်ချုပ်ရေးသတ်မှတ်မှုများကို တတ်နိုင် သမျှ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက် ခဲ့ကြောင်း။
နိုင်ငံရေးအရ နောက်ဆက်တွဲ ပေါ်ပေါက်လာ သည့် အကြမ်းဖက် NUG နှင့် CRPH တို့က တည်ထောင် ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများသည် အကြမ်းဖက် သတ်ဖြတ်မှုများနှင့် ဖောက်ခွဲဖျက်ဆီး မှုများကို လုပ်ဆောင်လျက်ရှိပြီး သံဃာတော်များနှင့် သီလရှင်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ လူဦးရေ ၈၇ ရာခိုင်နှုန်းခန့်သည် ဗုဒ္ဓဘာသာကိုးကွယ်ကြ သူများဖြစ်ကြကြောင်း၊ PDF အမည်ခံအကြမ်းဖက် သမားများ၏ သတ်ဖြတ်မှုကြောင့် ဇူလိုင် ၂၀ ရက် အထိ သံဃာတော် ၅၂ ပါးနှင့် သီလရှင် ၁ ပါးတို့ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉ ပါးနှင့် ပျောက်ဆုံးသူ ၈ ဦး စုစုပေါင်း ၇၀ ရှိပြီ ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သံဃာ တော်များနှင့် သီလရှင်များကို အကြမ်းဖက်မှု သတ်ဖြတ်မှုအများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ စစ်ကိုင်းတောင်တွင် သံဃာတော်များနှင့် သီလရှင် များ အများဆုံးဝါဆိုနေကြကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးသည် ဗုဒ္ဓဘာသာ ရှေးအကျဆုံးနှင့် အများဆုံး ကိုးကွယ်သည့် တိုင်းဒေသကြီးတစ်ခု ဖြစ်သော်လည်း ဗုဒ္ဓဘာသာ ရဟန်းသံဃာတော် များနှင့် သီလရှင်များ အကြမ်းဖက် သတ်ဖြတ်ခံရမှု အများဆုံးဖြစ်သည်ကို အံ့ဩဖွယ်တွေ့မြင်ရကြောင်း၊ မကွေးတိုင်းတွင်လည်း အလားတူပင်ဖြစ်ကြောင်း။
ပညာရေးဝန်ထမ်းများ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ PDF အမည်ခံအကြမ်းဖက်သမား များ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၄၇ ဦးရှိပြီး ဒဏ်ရာရရှိသူ ၂၁ ဦး၊ ပျောက်ဆုံးသူ ၂၅ ဦး စုစုပေါင်း ၉၃ ဦးရှိကြောင်း၊ ထိုသို့ပညာရေး ဝန်ထမ်းများ သတ်ဖြတ်ခံရမှုတွင်လည်း စစ်ကိုင်း တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးသည် အများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း။
ပြည်သူများပညာရည်မြင့်မားရန်လိုအပ်မှု
ပညာရည်မြင့်မားရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင်လမှစတင်၍ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း၊ ကျောင်းများပိတ်ထားမှုကြောင့် နိုင်ငံတော်နှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘ များ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲကိုလည်း ကျင်းပပေးနိုင်ခဲ့ကာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို လည်း ထုတ်ပြန်ပေးနိုင်ခဲ့ကြောင်း၊ ယခုပညာသင်နှစ် တွင်လည်း အခြေခံပညာကျောင်းများတွင် ပညာ သင်ကြားသည့် ကျောင်းသား၊ ကျောင်းသူများမှာ ကိုဗစ် - ၁၉ ရောဂါမဖြစ်ပွားမီ ကျောင်းအပ်နှံခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၏ အရေအတွက်၏ ၇၆ ရာခိုင်နှုန်းခန့် ကျောင်းအပ်နှံကြသည်ကို တွေ့ရ ကြောင်း၊ အဆိုပါ ကျောင်းနေအရွယ်များတွင်လည်း မူလတန်းအရွယ်တွင် များပြားသော်လည်း အလယ် တန်းနှင့် အထက်တန်းသို့ ရောက်ရှိချိန်တွင်နည်းပါး သွားသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံပညာရည်မြင့်မားရေးနှင့်ပတ်သက်ပြီး အားလုံး က တွန်းတွန်းတိုက်တိုက်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း။
အချို့ကျောင်းနေ အရွယ်ကလေးများအနေဖြင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုမရှိခြင်း၊ လုံခြုံ ရေးအရ တည်ငြိမ်မှုမရှိခြင်းတို့ကြောင့် ကျောင်းအပ်နှံ ခြင်းမရှိသကဲ့သို့ နိုင်ငံရေးအရ အစိုးရအခြေခံပညာ ကျောင်းများတွင် အချို့ကျောင်းသား၊ ကျောင်းသူ များ ကျောင်းအပ်နှံသင်ကြားမှုများ မပြုသည်ကို လည်းတွေ့ရှိရကြောင်း၊ တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးမှုကြောင့် CDM ပြုလုပ်ထားသည့် ပညာ ရေးဝန်ထမ်းများက ဖွင့်လှစ်ထားသည့် Kaung For You အထက်တန်းကျောင်းကို စတင်ဆောင်ရွက် ခဲ့သည့် မြစ်သားမြို့နယ် လက်ထောက်ပညာရေးမှူး (CDM) ကောင်းသိုက်စိုးနှင့် အပေါင်းအပါ ၃ ဦးကို ဇူလိုင် ၁၃ ရက်တွင် အောင်ပန်းမြို့၌ အခကြေးငွေ ယူ၍ ပျော်ပါး၍ရသည့် အမျိုးသမီးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း၏ ထွက်ဆိုချက်ရဆက်စပ် လျက်ရှိသူများကိုလည်း ဖော်ထုတ်ရရှိခဲ့ပြီး အချို့ကို ဖမ်းဆီးထိန်းသိမ်း အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း၊ အဆိုပါကျောင်းများတွင် အပ်နှံထားသည့် ကျောင်းသား၊ ကျောင်းသူများ စာရင်းကိုလည်း ရရှိခဲ့ကြောင်း၊ သို့သော်ကျောင်းနေအရွယ်ကလေး များသည် နိုင်ငံရေး နားလည်မှုမရှိကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ များကို မိမိတို့အနေဖြင့် အရေးယူရန် မရှိကြောင်း၊ သို့သော် အခြားပါဝင်ပတ်သက်နေသူများကို ဆက်လက်ဖော်ထုတ် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ဖွင့်လှစ်ရန် ကျန်ရှိနေသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း မိမိတို့ အနေဖြင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ ပညာသင်ကြားရေးသည် နိုင်ငံအတွက် လူသားအရင်းအမြစ်များ မွေးထုတ်ပေးခြင်းဖြစ် ကြောင်း၊ မည်သည့်စာသင်ကျောင်းတွင် သင်ကြား သည်ဖြစ်စေ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာပြီးဆုံးချိန်တွင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သည့် ပညာများ ရရှိသွားရန်လိုကြောင်း၊ ထို့ကြောင့် ကျောင်းသားမိဘများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စဉ်းစားဆောင်ရွက်ကြ ရန်လိုကြောင်း။
ကိုဗစ် - ၁၉ ကာကွယ်ဆေးများကို ကျောင်းနေ အရွယ်ကလေးများဖြစ်သည့် ၅ နှစ်မှ ၁၈ နှစ်အကြား ကျောင်းသား၊ ကျောင်းသူ ၅၈၂၀၀၀၀ ကျော်အား ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်း အတာအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ ပြီးသူ စုစုပေါင်း ၃၅၈၃၀၀၀၀ ကျော်ရှိပြီး ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်မှုနှင့် အုပ်ချုပ်မှုလမ်းကြောင်း အဆင်ပြေသည့် နေရာများတွင် ၉၉ ရာခိုင်နှုန်းခန့် ထိုးနှံပေးနိုင်ပြီးဖြစ်ကြောင်း၊ ထိုးနှံရန်ကျန်ရှိသည့် နေရာဒေသများတွင်လည်း ဆက်လက်ထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုမှာ များစွာကျဆင်း သွားပြီဖြစ်ကြောင်း၊ ပြည်တွင်းကူးစက်မှု နည်းပါး ပြီး ပြည်ပမှဝင်ရောက်လာသူများမှ ကူးစက်လျက် ရှိသည်ကိုသာ တွေ့ရှိရကြောင်း။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်လိုအပ်မှု
မိမိတို့အနေဖြင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက် ရန်အတွက် အခြေခံမူဝါဒများ ချမှတ်၍ဆောင်ရွက် လျက်ရှိကြောင်း၊ ပထမဦးစားပေးအနေဖြင့် စိုက်ပျိုး ရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီ နည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ဒုတိယ ဦးစားပေးအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုများကိုဖိတ်ခေါ်၍ တိုင်ရင်းသားပြည်သူ တစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ တတိယဦးစားပေးအနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီ ပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင် သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက် ဖော်ဆောင်ရေးတို့ပင်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် ရှေးယခင်ကတည်းက စိုက်ပျိုး ရေးနှင့် မွေးမြူရေးကို အဓိကထားသည့် ကုန်ထုတ် လုပ်ငန်းများ ဆောင်ရွက်သည့် နိုင်ငံတစ်ခုပင် ဖြစ်ကြောင်း၊ ယခင်က စားသောက်ကုန်များ၊ လူသုံး ကုန်ပစ္စည်းများကို ပြည်တွင်း၌ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချမှုများရှိခဲ့ကြောင်း၊ ဆိုရှယ်လစ်ခေတ် တွင် စီးပွားရေးစနစ်ပြောင်းလဲခဲ့ပြီး အချို့ကိစ္စရပ် များတွင် စီးပွားရေးအရ အောင်မြင်မှုများမရှိခဲ့ခြင်းကြောင့် ကုန်ပစ္စည်းထုတ်လုပ်တင်ပို့သည့် နိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းရသည့် နိုင်ငံအဖြစ်သို့ ရောက်ရှိ ခဲ့သည်ကို တွေ့ရကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် လူဦးရေများပြားသည့် နိုင်ငံကြီးများရှိကြောင်း၊ အဆိုပါနိုင်ငံများသို့ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံသည့် ထုတ်ကုန် များကို တင်ပို့ရောင်းချနိုင်မည်ဆိုပါက ပြည်သူများနှင့် နိုင်ငံ၏စီးပွားရေးကို များစွာအထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဦးစားပေး ဆောင် ရွက်နေရခြင်းသည် မိမိတို့နိုင်ငံရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ် ပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းသည် လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းပင်ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ ပညာတတ်မြောက်မှု အခြေအနေသည် မြို့ပြနေပြည်သူများထက် ပညာတတ်မြောက်မှု လူဦးရေနည်းပါးသည်ကို တွေ့ရှိရကြောင်း၊ လူသား အရင်းအမြစ်များ များပြားသော်လည်း စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ Skill Labor များ နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် လက်တွေ့ကျသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် အထက်တန်းပညာ သင်ကြားရေးနှင့် ကုန်ထုတ်လုပ်ငန်းကို ဆောင်ရွက် နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင် ရွက်နိုင်သည့် မြစ်ချောင်းများ ပေါများပြီး ရေချို အရင်းအမြစ်များ များစွာရှိပြီး ရေချိုကိုအသုံးချ၍ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် နေရာများရှိသကဲ့သို့ စိုက်ပျိုးမြေဧရိယာသည်လည်း လုံလောက်စွာရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးဧကပေါင်း ၃၃ သန်းခန့်ရှိပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ဝါများကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း၊ အခြားနှစ်ရှည် သီးနှံ များဖြစ်သည့် ရော်ဘာ၊ ဆီအုန်းနှင့် အုန်းစိုက်ပျိုးမှု စသည့် နှစ်ရှည်သီးနှံပင်များကိုလည်း စိုက်ပျိုးကြ ကြောင်း၊ စပါး၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ဝါများကို စိုက်ပျိုး ရာတွင် အချို့ဒေသများ၌ တစ်သီးသာစိုက်ပျိုးသည် ကိုတွေ့ရှိရကြောင်း၊ သီးထပ်များ စိုက်ပျိုးခြင်းနှင့် အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်နိုင် မည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းများမှ ဝင်ငွေများ ပိုမိုရရှိလာပြီး စိုက်ပျိုးတောင်သူများ၏ လူမှုစီးပွား ဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို သီးခြားဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
ပြီးခဲ့သည့်ကာလအတွင်း ပြည်ပမှဆီတင်သွင်း မှုများ များပြားခဲ့သဖြင့် ဆီထွက်သီးနှံများကို ထိန်းသိမ်းခြင်းနှင့် ပြည်ပတင်ပို့ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း၊ တောင်သူများအနေဖြင့် လွတ်လပ်စွာ စိုက်ပျိုးပိုင်ခွင့်ရှိသကဲ့သို့ လွတ်လပ်စွာရောင်းချခွင့် ရှိကြောင်း၊ ထို့ကြောင့် တောင်သူများ၏သီးနှံများကို ပြည်တွင်းပြည်ပ လွတ်လပ်စွာရောင်းချနိုင်ရေး ခွင့်ပြုပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ကဲ့သို့သော အသင်းများမှတစ်ဆင့် နိုင်ငံတော်၏အကျိုးစီးပွား အတွက် ထိန်းသိမ်းရောင်းချသွားမည်ဆိုပါက တောင်သူများ လွတ်လပ်စွာရောင်းချနိုင်သကဲ့သို့ နိုင်ငံတော်၏ ဝင်ငွေကိုလည်း တိုးတက်စေမည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်၏ ပညာ ရေးမြှင့်တင်မှုမှတစ်ဆင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကောင်းမွန်စေရန် အကောင် အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ပြောကြားရာတွင် “အလားတူပဲ ပညာရေးမြှင့်တင်မှုနဲ့ ပတ်သက်ရင်လည်း စောစောက ကျွန်တော်ပြောတဲ့ ပညာရေးမှာ အများစုက မူလတန်းပညာနဲ့ အလယ် တန်းပညာအဆင့်ပဲ ဖြစ်ပါတယ်။ လူနည်းစုပဲ အထက်တန်းပညာနဲ့ အဆင့်မြင့်ပညာတတ်တဲ့ သူများဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီအလယ်တန်းပညာနဲ့အောက်မှာ တက်နေတဲ့ ပြည်သူအများစုရှိနေတဲ့ ကျေးလက်ဒေသတွေရဲ့ ပညာရေး၊ ပြည်နယ်များရဲ့ ပညာရေးမြှင့်တင်ဖို့ အတွက် အထူးဦးစားပေး ဆောင်ရွက်သွားဖို့လိုတယ် ဆိုတာလေးလည်း ကျွန်တော်တွေ့ရှိပါတယ်။ နိုင်ငံ မှာတော့ အခြေခံဥပဒေအရ အခြေခံပညာမူလတန်း အဆင့်ကိုတော့ မသင်မနေရ ပညာရေးလို့ သတ်မှတ် ထားတာ။ ဥပဒေအရသတ်မှတ်ထားတာရှိပါတယ်။ သို့သော် လက်ရှိအခြေအနေမှာ မူလတန်းပညာသည် မလုံလောက်ပါဘူး။ ဒီလောက်ခေတ်မီတဲ့ ကမ္ဘာကြီး မှာ လိုက်မီဖို့ဆိုတာတော့ မူလတန်းပညာနဲ့ ဘယ်လို မှ မပြည့်စုံဘူး။ ဒါကြောင့် ကျွန်တော်တို့ အစိုးရ တာဝန်ယူတဲ့အချိန်မှာ kg+9 ။ ၉ တန်း၊ အလယ် တန်းပညာ ပြီးတဲ့အထိကို ကျွန်တော်တို့ အခမဲ့ ပညာရေးအနေနဲ့ မသင်မနေရ တွန်းအားပေး ဆောင်ရွက်ဖို့ ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ဒီလိုသာ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် စောစောကပြောတဲ့ ကျေးလက်တွေမှာ Skill Labour ဖြစ်နိုင်တဲ့သူတွေ။ အထိုက်အလျောက် ပညာတတ် တွေ ဖြစ်လာပြီးတော့မှ။ သူတို့ကို လေ့ကျင့်မွေးထုတ် ပေးလိုက်မယ်ဆိုလို့ရှိရင်။ သူတို့လုပ်တဲ့ စီးပွားရေးကို အထောက်အကူပြုတဲ့ အတတ်ပညာတွေ တတ်လာ မှာဖြစ်ပါတယ်။ ဒါကို မျှော်တွေးပြီးတော့မှ။ အခုခရိုင် ပေါင်း ၁၂၇ ခရိုင် ရှိပါတယ်။ ၁၂၇ ခရိုင်မှာ First wave အနေနဲ့ ကျွန်တော်တို့ ကျောင်းပေါင်း ၅၀ လောက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှု တွဲဖွင့်ထားတဲ့ အထက်တန်းကျောင်းတွေ ဖွင့်ဖို့။ သက်ဆိုင်ရာဝန်ကြီးတွေနဲ့ ကျွန်တော်ဆွေးနွေးထားပြီးဖြစ်ပါတယ်။ ကျောင်းပေါင်း ၅၀ လောက် စဖွင့်မယ်။ အဲဒီတော့ ဒီဆရာတွေ ရဖို့အတွက်ကို လည်း မွေးမြူရေးကျောင်းဆင်းတွေ၊ စိုက်ပျိုးရေး ကျောင်းဆင်းတွေ ဒီလိုလည်း ခန့်ဖို့လိုသလိုပဲ။ လက်ရှိတာဝန်ပေးထားတဲ့ စိုက်ပျိုးရေးဦးစီး၊ မွေးမြူ ရေးဦးစီး၊ အဲဒီမှာ တာဝန်ပေးထားတဲ့သူများကို လည်း အကူဆရာများအနေနဲ့ အဲဒီကျောင်းတွေမှာ သင်ကြားပေးဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက် နေတာ ရှိပါတယ်။ အဲဒါကို ဆောင်ရွက်သွားမယ်ဆို လို့ရှိရင် ကျွန်တော်တို့ နိုင်ငံမှာတော့ ကျေးလက်မှာ လုပ်ငန်းလုပ်နေတဲ့ သူများအတွက် Skill Labour တွေ အများကြီး မွေးထုတ်ပေးနိုင်မယ်လို့ ကျွန်တော် မျှော်မှန်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ စီးပွားရေး လုပ်ငန်းကို မဖြစ်မနေသွားရမယ်ဆိုတာလေးလည်း ကျွန်တော်သွားလိုပါတယ်။
“တစ်ဆက်တည်းမှာပဲ ဒါတင်လုံလောက်ပြီလား ဆိုတော့ မလုံလောက်သေးပါဘူး။ ပုဂ္ဂလိက ကဏ္ဍ က ဒါတွေက၊ လုပ်ရမယ့်ကဏ္ဍ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရကတော့ လူသားအရင်းအမြစ် တွေ ရရှိအောင်ဆောင်ရွက်ပေးဖို့သာ ဖြစ်ပါတယ်။ ကျန်တာတော့၊ ပုဂ္ဂလိက ကလုပ်ရမယ်။ တစ်ဖက် ကလည်း အစိုးရကနေပြီးတော့ သွင်းအားစုတွေ ရအောင်လည်း ဖန်တီးပေးရတာတွေရှိတယ်။ ဥပမာ- ရေရအောင် ဖန်တီးပေးရတာတို့၊ မြေဩဇာရအောင် ဖန်တီးပေးတာတို့၊ မျိုးစေ့တွေရအောင် ဖန်တီးပေး ရတာတို့ ဒါကတော့ စိုက်ပျိုးရေးပိုင်းပေါ့။ မွေးမြူ ရေးပိုင်းဆိုလည်း တိရစ္ဆာန်အစားအစာတွေ ရဖို့ အတွက်၊ ဆေးဝါးတွေရဖို့တို့၊ နောက်တစ်ခါ ခုနက ပြောတဲ့ ရေရရှိဖို့တို့၊ နောက်တစ်ခါ မျိုးကောင်း မျိုးသန့်တွေ ရရှိဖို့တို့ ဒါတွေလည်း ကျွန်တော်တို့က အစိုးရကနေပြီးတော့မှ ဝိုင်းပြီးကူညီပေးရမှာ ဖြစ်ပါတယ်။ ဒါပုဂ္ဂလိက ကဏ္ဍလုပ်ပေးမှလည်း အစိုးရရဲ့ ပါဝင်ပတ်သက်မှုကတော့ ကျွန်တော်တို့ အချိန်ကာလ အတိုင်းအတာတစ်ခုထိတော့ ရှိနေဦး မှာဖြစ်ပါတယ်။ လုပ်နေရမှာဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကို ကျွန်တော်တို့ အနေနဲ့၊ ကျွန်တော်တို့ ကောင်စီအနေနဲ့ ဦးစားပေး ဆောင်ရွက်သွားမယ်ဆိုတာလေးလည်း ကျွန်တော် ပြောလိုပါတယ်။” ဟု ပြောကြားသည်။
ဝါစိုက်ပျိုးရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်မှု
ဆက်လက်၍ မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးဧက ၂ သိန်း ၄ သောင်းကျော်ရှိကြောင်း၊ ဝါစိုက်ပျိုးမှုနှင့် ပတ်သက်၍ ချည်မျှင်ရှည်ဝါမှ အဆင့်မြင့်ချည်ထည် များ ထုတ်လုပ်နိုင်ကြောင်း၊ ယခုစိုက်ပျိုးနေသည့် ဝါများသည် ချည်မျှဉ်ရှည်ဝါဟု ဆိုသော်လည်း အဆင့်မြင့် ချည်ထည်များကို ထုတ်လုပ်နိုင်မှုမရှိ ကြောင်း၊ ထို့ကြောင့် အဆင့်မီသည့် ချည်မျှင်ရှည်ဝါ များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ပြည်ပနိုင်ငံများနှင့် နည်းပညာအရ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံအတွင်းဝါစိုက်ပျိုးမှု လုပ်ငန်းများကို အောင်မြင် အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်သူများ၏ ဝတ်ရေးအတွက် ပိုမိုအဆင်ပြေမည်ဖြစ်သကဲ့သို့ ပြည်တွင်းမှ ထွက်ရှိသည့် ဝါထွက်ကုန်များကို အသုံး ပြု၍ အဆင့်မီအထည်ချုပ် လုပ်ငန်းများကို ဆောင် ရွက်နိုင်မည်ဖြစ်သဖြင့် နိုင်ငံ၏ စီးပွားရေးကိုလည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း။
ကျေးလက်နေပြည်သူများ၏
လူမှုနေမှုစနစ်များ မြှင့်တင်ပေးရန်လိုအပ်
မိမိတို့နိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ကျေးလက်နေပြည်သူများ၏ လူနေမှု စနစ်များမှာ အခြားနိုင်ငံများထက် နိမ့်ကျလျက် ရှိသည်ကို တွေ့ရှိရကြောင်း၊ ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝတွင် အားနည်းချက်များရှိခြင်း ကြောင့်သာ လူနေမှုစနစ်များ နိမ့်ကျနေခြင်းဖြစ် ကြောင်း၊ ထို့ကြောင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ကို မြှင့်တင်ဆောင်ရွက်၍ အောင်မြင်အောင် ဆောင် ရွက်နိုင်မည်ဆိုပါက ကျေးလက်နေတိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားများ ပြောင်းလဲတိုးတက် လာမည်ဖြစ်ကြောင်း၊ ထိုသို့လူမှုစီးပွားများ တိုးတက် ပြောင်းလဲလာချိန်တွင် နေထိုင်သည့် အိမ်ရာများ အဆင့်မြှင့်တင် တည်ဆောက်ရန် ဆောက်လုပ်ရေး လုပ်ငန်းများတွင် လိုအပ်သည့်ဘိလပ်မြေများကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လို ကြောင်း၊ နိုင်ငံအတွင်း၌ ဘိလပ်မြေထုတ်လုပ်နိုင် သည့် အခြေခံကုန်ကြမ်းများ လုံလောက်စွာရှိပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းရှိစက်ရုံများ အပြည့်အဝလည်ပတ်နိုင်ရေး နိုင်ငံတော်အစိုးရအနေ ဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ ထုတ်လုပ်ရာတွင်လည်း အဆောက်အဦများ ဆောက်လုပ်နိုင်သည့် သံမဏိထုတ်လုပ်ရေးလုပ်ငန်း များကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ရေး ပြည်တွင်း လုပ်ငန်းရှင်များနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များ ဆောင်ရွက်မည်ဆိုပါက အစိုးရအနေဖြင့် ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေနှင့် သံ၊ သံမဏိတို့သည် နိုင်ငံ၏လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် မဖြစ်မနေလိုအပ်သဖြင့် အားပေး ဆောင်ရွက်သွားမည်ဆိုပါက များစွာပြောင်းလဲ တိုးတက်သွားမည်ဖြစ်ကြောင်း။
လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးသည် လည်း အရေးကြီးကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ် ယူရာတွင် ရေအား၊ သဘာဝဓာတ်ငွေ့နှင့် ကျောက် မီးသွေးတို့အပြင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ် သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကိုလည်း ဆောင်ရွက်၍ရကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင် လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်လျက် ရှိသကဲ့သို့ မိမိတို့နိုင်ငံသည်လည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာ၌ ကာဗွန်ဒိုင်အောက်ဆိုဒ် အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် ကာဗွန်ဒိုင် အောက်ဆိုဒ် လျှော့ချရေးကို အထောက်အကူပြု သည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးချမည် ဆိုပါက အကျိုးရှိမည်ဖြစ်ကြောင်း၊ မြစ်ကြီးများပေါ်၌ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများ ကို ဆောင်ရွက်၍ရကြောင်း၊ မေခ၊ မလိခ၊ ဧရာဝတီ၊ ရွှေလီ၊ ချင်းတွင်း၊ တာပိန်၊ သံလွင် စသည့် မြစ်ကြီး များပေါ်၌ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့် နေရာများ များစွာရှိကြောင်း၊ ထို့ကြောင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်ဓာတ် အား ထုတ်လုပ်ခြင်းစီမံကိန်းများကို အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုကြောင်း။
အလားတူ မိမိတို့နိုင်ငံ အလယ်ပိုင်းရှိ နေရာ ဒေသအများစု၏ မိုးရွာရက်မှာ ပျမ်းမျှအားဖြင့် ရက် ၁၀၀ ခန့်သာရှိကြောင်း၊ ထို့ကြောင့် အဆိုပါဒေသ များတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက် ခြင်းဖြင့် နွေရာသီတွင် လျှပ်စစ်ဓာတ်အားကို ပိုမို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ကမ်းရိုးတန်းဒေသ များ၌လည်း လေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို နိုင်ငံတော် အဆင့် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ပုဂ္ဂလိက လုပ်ငန်းများအနေဖြင့်လည်း အသေးစားနှင့် အလတ်စား ထုတ်လုပ်မှုများကို ဆောင်ရွက်မည် ဆိုပါက နိုင်ငံတော်မှ အားပေးကူညီ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း။
ထာဝရငြိမ်းချမ်းရေးရရှိရန်ဆောင်ရွက်နေမှု
ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို ဧပြီလ ၂၂ ရက်နေ့က စတင်ပြုလုပ်ခဲ့ ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် ၃ ဖွဲ့တို့က တွေ့ဆုံရန် အကြောင်းပြန်ကြားခဲ့ပြီး ၉ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် တစ်ဖွဲ့နှင့်လည်း မကြာမီအချိန်အတွင်း တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှု များတွင် ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ရှင်းလင်း ဆွေးနွေးခဲ့ရာ ၎င်းတို့ထံမှ သဘောတူညီမှုများ ရရှိခဲ့ ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်သည်နှင့် ဖြစ်ချင် တာများကို ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် တွေ့ဆုံဆွေးနွေးလိုသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးလိုပါက ထပ်မံဖိတ်ခေါ်ပါကြောင်း၊ ကျန်ရှိ သည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ ပါဝင်လာ မည်ဆိုပါက မိမိတို့နိုင်ငံ၏ အနာဂတ်နိုင်ငံရေးသည် ပြည့်စုံကောင်းမွန်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံသို့ အလုပ် သဘော အလည်အပတ် ခရီးသွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလုဂါ ပြည်နယ်၊ အတနာမီ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော် အတွင်းရှိ ရွှေစည်းခုံစေတီတော်ကြီး ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကာ အနေကဇာတင်မင်္ဂလာ အခမ်းအနား ပြုလုပ်ခြင်း၊ စစ်ဘက်၊ အရပ်ဘက်မှ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခဲ့ကြပြီး နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ စစ်ဘက် နည်းပညာဆိုင်ရာကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ သုတေသနလုပ်ငန်းကဏ္ဍ၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍ၊ စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍနှင့် အခြားကဏ္ဍ ပေါင်းစုံတို့တွင် ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင် ရွက်နိုင်ခဲ့ကြောင်း။ ကာလတို အလုပ်သဘောခရီးစဉ် တစ်ခုဖြစ်ခဲ့သော်လည်း နိုင်ငံ့အတွက် အကျိုးရှိ သည့် ဆွေးနွေးမှုများစွာကို ဆောင်ရွက်နိုင်ခဲ့သည့် အောင်မြင်သည့် ခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်ကို အသိပေးလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကောင်စီအဖွဲ့ဝင်များက မြန်မာ- ရှရှားချစ်ကြည်ရေးအသင်းအဖွဲ့များ ဖွဲ့စည်းရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများကို နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည် သိရှိစေရန် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားရန်၊ အနာဂတ်နိုင်ငံတော် အတွက် လူငယ်များအား စနစ်တကျ ပြုစုပျိုးထောင် ပေးရေး၊ ပညာရေးမူဝါဒလမ်းကြောင်းကို သွေဖည်၍ ဆောင်ရွက်နေသည့် ပုဂ္ဂလိကကျောင်းများအား ဖော်ထုတ်အရေးယူ ဆောင်ရွက်ရေး၊ မူလတန်းပြ ဆရာ၊ ဆရာမများ ရာထူးတိုးမြှင့်ရန် ကိစ္စကို လျင်မြန်စွာ ဆောင်ရွက်ပေးပြီး လိုအပ်ချက်ရှိသည့် နေရာ ဖြည့်စွက်ခန့်ထားနိုင်ရေး၊ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေပြီး ရာသီဥတုကို အထောက် အကူပြုစေရေးအတွက် ကျွန်းစိုက်ခင်းများကို စီမံ ချက်ချမှတ်၍ တိုးချဲ့စိုက်ပျိုးရေး၊ လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ကင်းစင်ပပျောက်ရေးအတွက် ကြိုတင်ကာကွယ်တားဆီးရေး၊ ကျေးလက်ကျန်းမာ ရေးဌာနများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက စီမံ ဆောင်ရွက်ပေးရေး၊ လူငယ်များ လမ်းမှားမရောက် စေရေးအတွက် အခြေခံပညာကျောင်းများတွင် စာရိတ္တပညာပိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ သင်ကြား ပေးရေး၊ ယာဉ်လိုင်းများ လက်မှတ်ရောင်းချခြင်းနှင့် စစ်ဆေးရေးဂိတ်များတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို စနစ်တကျ စိစစ်ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ချစ်ကြည်ရေးအသင်းများ တိုးချဲ့ဖွဲ့စည်းခြင်းဖြင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းကိုလည်း အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ သိပ္ပံနှင့် နည်းပညာ၊ ပညာ ရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပညာတော်သင် စေလွှတ်ရေးကိစ္စများကိုလည်း တိုးချဲ့ဆောင်ရွက် လျက်ရှိကြောင်း၊ လူငယ်ဖွံ့ဖြိုးရေးအထောက်အကူပြု စီမံကိန်းများကို မိမိသဘောဆန္ဒအလျောက် ပါဝင်သည့်စနစ်ဖြင့် ထူထောင်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ပညာရေးမူဝါဒနှင့် မကိုက်ညီသည့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်သည့် ကိစ္စနှင့် ပတ်သက်၍ စိစစ်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကျန်းမာရေးဌာနများတွင် ဝန်ထမ်း များ ဖြည့်တင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လတ်တလောတွင် အလုပ်သင်ဆရာဝန်များနှင့် သူနာပြုများ ဖြည့်တင်းပေးထားပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ အသုံးပြုမှုအပေါ်မူတည်၍ သီးနှံအထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ မြေဩဇာ ၂ မျိုး ကို အချိုးချ ပေါင်းစပ်ခြင်းဖြင့် သီးနှံအထွက်တိုး ရရှိနိုင်မည် ဖြစ်ပြီး သဘာဝမြေဩဇာကို အဓိထားအသုံးပြုနိုင် ရေး သုတေသနပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်တွေ့ကျသည့် စိုက်ပျိုးရေးစနစ်နှင့် ခေတ်မီ မွေးမြူရေးစနစ်ကို ဦးတည်ဆောင်ရွက်သွားရန်လို ကြောင်း၊ ရန်ကုန် - ပြည်၊ ရန်ကုန် - မော်လမြိုင်၊ ရန်ကုန် - မန္တလေး မီးရထားလမ်းများ အဆင့်မြှင့်တင် ၍ ခေါက်ရေတိုးမြှင့်ပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းရင်းသားလက်နက်အဖွဲ့များနှင့် ပတ်သက်၍ ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးလျက်ရှိပြီး အချို့အဖွဲ့များနှင့်လည်း ဆွေးနွေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကျောင်းသားလူငယ်များ စာရိတ္တမြင့်မား ရေးအတွက် ပြည်သူ့နီတိနှင့် (၃၈) ဖြာမင်္ဂလာကို သင်ကြားပေးလျက်ရှိပြီး ဒီမိုကရေစီ အနှစ်သာရ ကိုလည်း သိရှိအောင်သင်ကြားပေးသွားရမည်ဖြစ် ကြောင်း၊ သာသနာတော် ထွန်းကားပြန့်ပွားရေး အတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးနှင့်ပတ်သက်၍ အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျွန်းစိုက်ခင်းများ တိုးတက်ရေးအတွက် နိုင်ငံ တစ်ဝန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ ဖြင့် စိုက်ပျိုးသွားရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်း ဥပဒေပြဋ္ဌာန်းနိုင်ရေး ပြန်လည်စိစစ်သုံးသပ် ဆောင် ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်