အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၁၉) ကြိမ်မြောက်နှင့် အကြိမ် (၂၀)မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

 

ရန်ကုန်  ဇူလိုင်  ၂၀


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အပြည် ပြည်ဆိုင်ရာ  ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်  (၂၀၁၉-၂၀၂၀) (၂၀၂၁-၂၀၂၂) ပညာသင်နှစ်များတွင် တက္ကသိုလ်(ဗုဒ္ဓဓမ္မ)သင်တန်းအသီးသီးသို့  တက် ရောက်အောင်မြင်ခဲ့ကြသော   ပြည်တွင်း၊  ပြည်ပ သင်တန်းသားများ   ဘွဲ့လက်မှတ်နှင့်  အဆောင် အယောင်များ   ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို  ယနေ့မွန်းလွဲ  ၁  နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်   အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်  Seminar    Hall  ၌ ကျန်းမာရေးဝန်ကြီးဌာနက     ချမှတ်ထားသော  ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ကျင်းပသည်။

 


အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိပါလ ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့         တွဲဖက် အကျိုးတော်ဆောင်ဆရာတော်   အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ    ဘဒ္ဒန္တပညာဓဇ၊   တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊    တိပိဋကကောဝိဒ  အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသိရိန္ဒာဘိဝံသနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊  ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒ မထေရ် မြတ် အမှူးပြုသော သင်ကြားဆရာတော်ကြီးများ၊ သင်ကြားသီလရှင်ဆရာကြီးများ  ကြွရောက်တော် မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်   ဦးစိုးသိန်း၊  ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး    ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ သာသနာရေး နှင့်     ယဉ်ကျေးမှုဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ      မြို့တော်ဝန်    ဦးဗိုလ်ဌေးနှင့် ရန်ကုန်တိုင်းဒေသကြီး    ဝန်ကြီးများ၊   ဌာနဆိုင်ရာ အကြီးအကဲများ၊ ဘွဲ့ရပြည်ပနိုင်ငံများမှ သက်ဆိုင်ရာ သံအမတ်ကြီးများ၊ အတွင်းဝန်များနှင့် သံရုံးတာဝန်ခံ များ၊    ပြည်တွင်း၊   ပြည်ပ   နိုင်ငံအသီးသီးမှ  ဘွဲ့ရ သင်တန်းသားများ ကြွရောက်တော်မူကြသည်။

 


အစီအစဉ်အရ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ     ဒေါက်တာ   ဘဒ္ဒန္တကုမာရာဘိဝံသ၏ သာရဏီယအဖွင့် သြဝါဒကထာကို ဆရာတော်ကြီး၏ ကိုယ်စား      အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၊ ပရိယတ္တိမဟာဌာန၊ ဌာန ကြီးမှူးဆရာတော် ဒေါက်တာဘဒ္ဒန္တနောဓိဉာဏက ဖတ်ကြားတော်မူသည်။

 


ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဦးကိုကိုက  ဂုဏ်ယူ ဝမ်းမြောက်စကား လျှောက်ထားသည်။

 


ထို့နောက် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒက       ဘွဲ့ရကျောင်းသားများအား တက္ကသိုလ်အဓိဋ္ဌာန် အမေး/အဖြေပြုပြီး သင်တန်း အသီးသီးသို့   တက်ရောက်အောင်မြင်ခဲ့ကြသော ပြည်တွင်း  ပြည်ပ   သင်တန်းသား  သင်တန်းသူ စုစုပေါင်း ၉၂  ပါး/ဦးတို့အား  ဘွဲ့နှင့်  အဆောင် အယောင်များ ချီးမြှင့်အပ်နှင်းတော်မူသည်။ 

 


ဆက်လက်၍   ပညာရည်ချွန် ထူးချွန်ဆုအဖြစ် ပါမောက္ခချုပ်ဆရာတော်က   ချီးမြှင့်တော်မူသည့် တစ်ကျပ်သား ရွှေစင်ရွှေပြား (Gold Medals)  များကို သက်ဆိုင်ရာ ပညာသင်နှစ်အလိုက် ဆွတ်ခူးရရှိကြ သည့်  ထူးချွန်ရွှေတံဆိပ်ဆုရှင် (Gold Medalist) များဖြစ်ကြသည့် ဗီယက်နမ်နိုင်ငံသူ (သီလရှင်) Mai Thi Huyen နှင့် သြစတြေးလျနိုင်ငံသူ Ms. Myat Thet   တို့ကို   ပြည်ထောင်စုဝန်ကြီး  ဦးကိုကိုက ပေးအပ်ချီးမြှင့်သည်။   ထို့နောက်  ပါမောက္ခချုပ် ဆရာတော်က “ဘွဲ့မှတ်တမ်းမော်ကွန်းစာအုပ်” တွင် လက်မှတ်ရေးထိုးတော်မူပြီး ဘွဲ့ရကျောင်းသားများ သို့ သြဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူသည်။

 


အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကို   ၁၉၉၈ ခုနှစ်  ဒီဇင်ဘာ ၉ ရက်တွင်  စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်ပနိုင်ငံများနှင့် ပြည်တွင်းမှ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များ တက်ရောက်သင်ကြားလျက်ရှိကာ ယနေ့အချိန်အထိ တက္ကသိုလ်သို့   တက်ရောက်အောင်မြင်ခဲ့သော ပြည်တွင်း ပြည်ပသင်တန်းသားများမှ ပါရဂူဘွဲ့ရရှိသူ ၄၀  ပါး/ဦး၊ မဟာဝိဇ္ဇာဘွဲ့ရရှိသူ ၂၂၉ ပါး/ဦး၊ ဝိဇ္ဇာဘွဲ့ ရရှိသူ ၈၀၄ ပါး/ဦး၊ ဒီပလိုမာအောင်လက်မှတ်ရရှိသူ ၁၂၁၁ ပါး/ဦး စုစုပေါင်း  ၂၂၈၄ ပါး/ဦး မွေးထုတ်ပေး နိုင်ခဲ့ပြီး   ယခု   ၂၀၂၂-၂၀၂၃  ပညာသင်နှစ်တွင် ပြည်တွင်း  ပြည်ပ  သင်တန်းသား စုစုပေါင်း  ၂၄၀  ပါး/ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။  
                    

သတင်းစဉ်