
ရန်ကုန် ဇူလိုင် ၁၉
၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ရဟန်းရှင်လူ၊ အများပြည်သူ၊ နိုင်ငံခြားသားများ လာရောက်လေ့လာကြသည်ကို တွေ့ရသည်။
မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း နေထိုင် ခဲ့သော နေအိမ်ပြတိုက်ကို ယမန် နှစ်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်များ ကြောင့် အွန်လိုင်းမှသာ ပြသခဲ့ရာ ယခုနှစ် အာဇာနည်နေ့တွင် အထူး ပြပွဲအနေဖြင့် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားပြတိုက် (ရန်ကုန်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီသောင်းက “ဒီနေ့ (၇၅) နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို အထူးပြပွဲအနေနဲ့ ခင်းကျင်းပြသ ထားပါတယ်။ ပြတိုက်အဝင်ဝမှာ ဆိုရင် ဒီနှစ်မှာ အထူးအနေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီက မိုဘိုင်း LED ဘုတ်အကြီးနဲ့ ဗိုလ်ချုပ်မိန့်ခွန်း တွေ၊ ဗိုလ်ချုပ်နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ၊ ဗိုလ်ချုပ် ဂုဏ်ပြုတဲ့ သီချင်းတွေကို ပြသ ထားပါတယ်။ ပြတိုက်အတက် လမ်းတစ်လျှောက်မှာ တပ်မတော် စစ်သမိုင်းပြတိုက်မှာပြသထားတဲ့ ဗိုလ်ချုပ်ရဲ့ အသုံးအဆောင်ပစ္စည်း တွေကို ဘုတ်ပြား ၁၅ ချပ်နဲ့ ပြသထားပါတယ်။ ပြတိုက် အထွက်မှာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဘဝဖြစ်စဉ်၊ ငယ်ဘဝ၊ တက္ကသိုလ် ကျောင်းသားဘဝ၊ နိုင်ငံရေးဘဝဖြစ်စဉ်တွေ၊ နောက် ဆုံး တပ်မတော်ခေါင်းဆောင် ဘဝအထိကို ဘုတ်ပြား ၁၀ ချပ် နဲ့ ခင်းကျင်းပြသထားပါတယ်။ ပြတိုက်အတွင်းထဲမှာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဘဝဖြစ်စဉ်တွေကို မြန်မာ/ အင်္ဂလိပ် နှစ်ဘာသာနဲ့ အသစ်ပြန်လည် ခင်းကျင်းပြသ ထားပါတယ်။ ဧည့်ခန်းမှာဆိုရင် ၁၉၆၄-၆၅ ခုက ပန်းချီဆရာကြီး ဦးငွေကိုင် ရေးဆွဲထားတဲ့ ရှားပါး တဲ့လက်ရာ၊ အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်ဆိုတဲ့ ပန်းချီကား ကိုလည်း ပြသထားပါတယ်။ အပေါ်ထပ် ဗိုလ်ချုပ် ဇနီးမောင်နှံ အိပ်ခန်းမှာ ဗိုလ်ချုပ်ရဲ့ ရှားပါး ဓာတ်ပုံတွေ၊ ဈာပနအခမ်းအနား ပုံတွေကို ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုပြီး Hologram နဲ့ ခင်းကျင်း ပြသထားပါတယ်။ စာမျက်နှာ ၆၀၀ ကျော်ရှိတဲ့ ဗိုလ်ချုပ် မိန့်ခွန်းပေါင်းချုပ်၊ လက်ရေးမူ၊ ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူ၊ အကြွေစေ့၊ တံဆိပ်ခေါင်း၊ ဗိုလ်ချုပ် သမိုင်းကြောင်းဆိုင်ရာ မြန်မာ/အင်္ဂလိပ် နှစ်ဘာသာ အပြည့်အစုံတို့ကို ၃၂ လက်မ Touch Screen နဲ့ အများပြည်သူ လာရောက် လေ့လာနိုင်အောင် ပြသထားပါတယ်”ဟု ပြောသည်။
“ဗိုလ်ချုပ်ပြတိုက်ကို လာ ရောက် လေ့လာသူတွေကို သောက်ရေသန့်၊ နှာခေါင်းစည်း တွေ ပေးဝေပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု အနေနဲ့လည်း မြို့နယ် ကျန်းမာရေးအဖွဲ့၊ မြို့တော်စည်ပင်သာယာ ကျန်းမာ ရေးအဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီ အဖွဲ့တွေ အပြည့်အစုံရှိပါတယ်။ ပြည်သူ့လုံခြုံရေးအတွက်လည်း ပြည့်ပြည့်စုံစုံနဲ့ လာရောက် ကြည့်ရှုသူတွေ အဆင်ပြေအောင် ပြတိုက်တာဝန်ရှိသူတွေနဲ့ ဌာန ဆိုင်ရာတွေ ဝိုင်းဝန်းကူညီပြီး ဆောင်ရွက်ထားပါတယ်။ ဒီနေ့က အထူးပြပွဲအနေနဲ့ ပြတာပါ။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ပုံမှန်အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ နေ့စဉ် နံနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပြသ ပါတယ်။ တနင်္လာနေ့နဲ့ အစိုးရရုံး ပိတ်ရက်တွေဆို ပြတိုက်ပိတ်ပါ တယ်” ဟု ဒေါ်သီသီသောင်းက ဆက်လက်ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် ကို လာရောက်လေ့လာသူ ဗိုလ်တထောင် မြို့နယ်မှ ဒေါ်သန်းသန်းထွေးက “ဗိုလ်ချုပ် တို့ကို အမြဲတမ်း အမှတ်ရပါတယ်။ ဒီနေ့မှာဆို ပိုပြီးအမှတ်ရတယ်။ ခုလည်း သတိရလို့မျက်ရည်ကျ မိပါတယ်။ ကိုယ့်မိဘလိုပဲ ခံစား ရပါတယ်။ တာဝန်ရှိသူတွေက စိတ်ရှည်ရှည်နဲ့ရှင်းပြတဲ့အတွက် ပြည့်ပြည့်စုံစုံ လေ့လာခဲ့ရပါတယ်။ ဗိုလ်ချုပ်ရဲ့ မိသားစုဝင်တွေ အကြောင်းကို အပြည့်အစုံလည်း သိခဲ့ရပါတယ်။ ဗိုလ်ချုပ်တို့ကို အမှတ်ရပြီးတော့ ဗိုလ်ချုပ်တို့လို နိုင်ငံနဲ့လူမျိုးအတွက် အားလုံး မျိုးချစ်စိတ်ဓာတ်တွေ ရှင်သန် နိုင်ကြပါစေလို့ ဆုတောင်းပါ တယ်”ဟု ပြောသည်။
“ဒီလိုနေ့မျိုးမှာ နိုင်ငံ့ ခေါင်းဆောင်တွေ ကျဆုံးသွားတာ ကို သတိရဝမ်းနည်းမိပါတယ်။ ပြတိုက်ကို လေ့လာရတာ ဗဟု သုတလည်းရပါတယ်။ ဗိုလ်ချုပ် သုံးခဲ့တဲ့ အသုံးအဆောင်ပစ္စည်း တွေ၊ မိသားစုဝင်အကြောင်း တွေ၊ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အစုံ အလင် ခင်းကျင်းပြသထားတာ တွေ့ရပါတယ်။ မရောက်ဖူးသေး တဲ့သူတွေကိုလည်း လာလေ့လာ စေချင်ပါတယ်။ ဗဟုသတ ရစေချင်ပါတယ်” ဟု မင်္ဂလာဒုံ မြို့နယ်မှ လာရောက်လေ့လာသူ မောင်ပြည့်ဖြိုး က ပြောသည်။
ယနေ့ (၇၅) နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်သို့ လာရောက် လေ့လာသူ နိုင်ငံခြားသား လေးဦး အပါအဝင် စုစုပေါင်း ၅၃၄ ဦး ရှိကြောင်း သိရသည်။
သတင်းစဉ်