
မန္တလေး ဇူလိုင် ၁၆
ယခုရက်ပိုင်းအတွင်း ပြည်တွင်းစားသုံးမှု များပြားလာခြင်းကြောင့် မန္တလေး ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည့် မြန်မာ့လယ်ယာထွက်ကုန် ဂျုံသီးနှံများ ဈေးကောင်းများရရှိကာ အရောင်းအဝယ် သွက်လျက်ရှိကြောင်း မန္တလေး ပဲကုန်သည်များထံမှ သိရသည်။
မန္တလေးဈေးကွက်အတွင်း အရောင်း အဝယ်များသွက်နေသည့် ဂျုံများမှာ မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင်စသည့် ဒေသများမှထွက်ရှိပြီး ရှမ်းပြည်နယ်မှ ထွက်ရှိလာသည့် ရှမ်းဂျုံများလည်း အရောင်းအဝယ်သွက်နေကြောင်း၊ ယခု နှစ် မတ်လအတွင်းက ဗမာဂျုံ သုံးတင်း ဝင် တစ်အိတ်လျှင် ကျပ် ၉၅၀၀၀ ဈေးနှင့် ရှမ်းဂျုံမှာ တစ်အိတ်လျှင် ကျပ် ၉၀၀၀၀ ဈေးရှိခဲ့သော်လည်း ယခုအချိန်တွင် ဗမာဂျုံ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၃၇၀၀၀ နှင့် ရှမ်းဂျုံမှာ ကျပ် ၁၃၀၀၀၀ အထိ ဈေးနှုန်းများ ကောင်းမွန်ကာ အရောင်းအဝယ်သွက်နေကြောင်း မန္တလေး မြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။
‘‘ဂျုံက ကမ္ဘာမှာ စားသုံးမှုအများဆုံးသီးနှံဖြစ်တယ်။ မြန်မာနိုင်ငံမှာတော့ ဆန်စပါးပြီးရင် ဂျုံသီးနှံဟာ ဒုတိယ အများဆုံးစားသုံးတဲ့ သီးနှံဖြစ်ပါတယ်။ အခု ၂၀၂၂ ခုနှစ်မှာ ဂျုံဈေးတွေမြင့်မား နေတော့ တောင်ပေါ်၊ မြေပြန့် ဂျုံစိုက် တောင်သူတွေအတွက် အမြတ်အစွန်း ရပြီး အကျိုးရှိတဲ့နှစ် ဖြစ်ပါတယ်။ အရင် က ဂျုံမှုန့်ကို ပြည်ပကနေ မှာယူတင်သွင်း တာတွေရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ ပြည်ပကနေ ဝယ်ယူတင်သွင်းတယ်လို့ ကြားသိရတာမရှိပါဘူး။ ဒါကြောင့် နိုင်ငံ ခြားငွေ ယိုဖိတ်မှုကို တားဆီးနိုင်အောင် လို့ ဒုတိယအများဆုံးစားသုံးတဲ့ ဂျုံစိုက် ဧကတွေကို တိုးချဲ့ပြီးစိုက်ပျိုးသင့်ပါတယ်’’ ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ဂျုံသီးနှံကို တစ်နှစ် လျှင် တစ်ရာသီသာ ဆောင်းသီးနှံအဖြစ် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့၌ အဓိက စိုက်ပျိုးကြပြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယား ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြ ကြောင်း၊ ဂျုံသီးနှံသည် နေရာဒေသမရွေး တောင်ပေါ်မြေပြန့်တို့၌ စိုက်ပျိုး၍ရနိုင် ကြောင်း၊ ရာသီဥတုနှင့် မြေအမျိုးအစား အပေါ်မူတည်ပြီး စိုက်ပျိုးကြကြောင်း သိရ သည်။
မင်းထက်အောင်(မန်းကိုယ်ပွား)