လူငယ်ပရဟိတဂေဟာများမှ လူငယ်များ လေ့လာရေးအစီအစဉ် ဆောင်ရွက်

 

နေပြည်တော်  ဇူလိုင်  ၁၆


လူသားအရင်းအမြစ်များ  ပြုစုပျိုးထောင်နေသည့် လူငယ်ပရဟိတဂေဟာများမှ လူငယ်များကို ဖိတ်ကြား၍ လေ့လာရေးအစီအစဉ်များ ဆောင်ရွက်ခြင်းအခမ်းအနား ကို  ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်  ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌  ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် တာဝန်ရှိသူများ၊ မဟာပရဟိတလူငယ်ဖွံ့ဖြိုးရေးဥယျာဉ် (စမတောင်)နှင့် အဝါရောင်မျိုးဆက်သစ် ပရဟိတအသင်း(YGW)တို့မှ အုပ်ချုပ်သူ ကိုးဦးနှင့် ကျောင်းသား ကျောင်းသူ  ၆၀ တက်ရောက်ကြသည်။

 


ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက  အမှာစကား ပြောကြားပြီး  မူလတန်းပြဆရာ ဦးချစ်ဦးက မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ် ( စမတောင်)မှ လူငယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းအစီအစဉ်များကိုလည်ကောင်း၊ မူလတန်းပြ ဆရာမ ဒေါ်မြဖူးငုံက အဝါရောင်မျိုးဆက်သစ် ပရဟိတအသင်း (YGW)မှ လူငယ်ဖွံ့ဖြိုးရေးအတွက်  ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 


ဆက်လက်၍   အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)မှ သင်တန်းသား/သင်တန်းသူများ၏ တစ်နေ့တာလှုပ်ရှားမှု ဗီဒီယိုမှတ်တမ်းကိုပြသပြီး လူငယ်ရေးရာ ဦးစီးဌာန ဝန်ထမ်းလူငယ်များက ဦးဆောင်၍ လူငယ်ပရဟိတဂေဟာများမှ လူငယ်များ ကို အဖွဲ့များခွဲ၍ စုပေါင်းဂိမ်းကစားခြင်းများ ဆောင်ရွက်ကြသည်။

 


ထို့နောက်    လူငယ်ရေးရာဦးစီးဌာနမှ   ဝန်ထမ်းလူငယ်များက  ဦးဆောင်၍ ကျောင်းသား ကျောင်းသူများကို အဖွဲ့များခွဲ၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ဆက်လက် ကျင်းပလျက်ရှိသည့် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများ ကို ကြည့်ရှုအားပေးပြီး ဝဏ္ဏသိဒ္ဓိရေကူးကန်တွင်  အားကစားနှင့်ပညာရေးပေါင်းစပ် ဌာနခွဲမှ သရုပ်ပြရေကူး အားကစားသမားများ၏ ရေကူးသရုပ်ပြနေမှုကိုလည်းကောင်း၊ နေပြည်တော် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းရှိ အားကစားပြတိုက်နှင့် ပြခန်း များကိုလည်းကောင်း သွားရောက်ကြည့်ရှုလေ့လာကြသည်။

 


ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားကွင်း/ အားကစားရုံများကို ကြည့်ရှုလေ့လာကြပြီး   လူငယ်ရေးရာဦးစီးဌာနမှ   တည်ခင်းဧည့်ခံသည့် နေ့လယ်စာသုံးဆောင်၍ လေ့လာရေးအစီအစဉ်များကို ပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။                                                                                  

 

သတင်းစဉ်