
နေပြည်တော် ဇူလိုင် ၁၅
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ ဗဟို ပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ ပို့ဆောင်ရေးစီမံ ကိန်းဦးစီးဌာန၊ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် မြန်မာ့ စာတိုက်လုပ်ငန်းတို့၏ ရုံးလုပ်ငန်းဆောင်ရွက်မှုများ ကို ကြည့်ရှုစစ်ဆေးသည်။
စံချိန်မီအရည်အသွေး ကောင်းမွန်ရေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြင်ဦးလွင်မြို့ မြန်မာ့မီးရထားရိပ်သာ၌ ပြင်ဦးလွင် တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဇီးပင်ကြီး - ပြင်ဦး လွင် - နောင်ချို - ဂုတ်ထိပ်ရထားလမ်းပိုင်း အဆင့် မြှင့်တင်မှု ဆောင်ရွက်နေသည့်လုပ်ငန်းများ ထိရောက်စွာ ပြီးစီးရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားရန် လိုအပ်ချက်များကို မှာကြားသည်။ ယင်းနောက် အဆိုပါလမ်းပိုင်း၌ တာဝန်ထမ်းဆောင် နေကြသည့် အင်ဂျင်နီယာဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းများ စနစ်တကျရှိရေး၊စံချိန်မီအရည်အသွေးကောင်းမွန်ရေး၊ ဌာနပိုင်သံလမ်း၊ ဇလီဖားတုံးနှင့် ဆက်စပ်ပစ္စည်းများစနစ်တကျ ထိန်းသိမ်းအသုံးပြု စေရေး မှာကြားသည်။
အတတ်ပညာ၊ အသိပညာများ သင်ကြားပေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာ မြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၏ (၄၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်း အနားသို့တက်ရောက်၍ အမှာစကား ပြောကြားရာတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေး ကျောင်းသည် နိုင်ငံတော်၏ ပို့ဆောင်၊ ဆက်သွယ်မှု ကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ကြီးဌာနလက်အောက် အရာထမ်း၊ အမှုထမ်းများ ကို စိတ်ဓာတ်၊ စည်းကမ်း၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားသည့် အရည်အသွေးပြည့်မီသော ဝန်ထမ်း ကောင်းများဖြစ်အောင် လေ့ကျင့်ပြုစုပျိုးထောင်ပေးနေသည့် သင်တန်းကျောင်းတစ်ခု ဖြစ်ပါကြောင်း၊ လက်ရှိအချိန်အထိ သင်တန်းသားအရာထမ်း ၆၃ ဦး၊ အမှုထမ်း ၃၈၇၄၄ ဦး စုစုပေါင်း ၃၉၃၈၂ ဦးကို လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ နည်းပြများအနေဖြင့် သင်တန်းသားဝန်ထမ်းများကို အတတ်ပညာ၊ အသိပညာများ စနစ်တကျ သင်ကြား ပေးရေး၊ ဝန်ထမ်းကောင်းတစ်ဦး စောင့်ထိန်းရမည့် ကျင့်ဝတ်၊ လိုက်နာရမည့်စည်းကမ်း၊ ယုံကြည်ချက်၊ ခံယူချက် မှန်ကန်ရေးအတွက် လေ့ကျင့်ပေးရေး၊ ပြည်သူအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင် သည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရေးတို့ကို အဓိကထား၍ လေ့ကျင့်သင်ကြားပေးသွားရန် ဖြစ်ကြောင်း မှာကြားသည်။
သင်တန်းထူးချွန်ဆု ချီးမြှင့်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ ဝန်ထမ်းကောင်း တံဆိပ်ရရှိသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ပြီး သင်တန်းကျောင်း၏ တူညီ ဝတ်စုံများကို ထောက်ပံ့ပေးအပ်သည်။ ထို့အတူ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဌာန၏ သန့်ရှင်းရေးဆု၊ စိုက်ပျိုးရေးဆု၊ သင်တန်းထူးချွန်ဆု ရရှိသည့်ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်း များနှင့်မိသားစုများကို စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းအတွင်း သရုပ်ပြဆောင်များရှိ သင်ထောက် ကူပစ္စည်းများ ထားရှိအသုံးချနိုင်မှု၊ နှစ်ရှည်ပင်များနှင့် ရာသီသီးနှံစိုက်ခင်း စိုက်ပျိုးထားရှိမှု၊ မွေးမြူရေး ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
လုပ်ငန်းဆောင်ရွက်မှု ကြည့်ရှု
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာမြို့ရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ မိုးလေဝသနှင့်ဇလဗေဒဦးစီး ဌာန၏ တိုင်းတာရေးစခန်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင် ရေးဌာနခွဲတို့၏ လုပ်ငန်းဆောင်ရွက်မှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားပြီး ဌာနအလိုက်ဝန်ထမ်းများကို စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်