
အီးယူနှင့် နယူးဇီလန်နိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (Free Trade Agreement-FTA) ကို ဇွန်လ ကုန်တွင် ဥရောပကော်မရှင်က လက်မှတ်ရေးထိုးခဲ့သည်။ FTA အရ ကုန်သွယ်မှုတွင် အကောက်ခွန်နှုန်းထားများကို ဖြေလျှော့ဖယ်ရှား မည်ဖြစ်ပြီး ရေရှည်တည်တံ့မှုဆိုင်ရာ လိုက်နာရန်အချက်များ အပါအဝင် ဥရောပရှိ အမဲသားနှင့် သိုးသားမွေးမြူထုတ်လုပ်သူများ အတွက် အကာအကွယ်ပေးမှုများကိုလည်း ထည့်သွင်းထားသည်။
ယခု ကုန်သွယ်ရေးသဘောတူညီချက်တွင် ရေရှည်တည်တံ့မှု ဆိုင်ရာ လိုက်နာရန်အချက်များကို ယခင် FTA များနှင့်မတူဘဲ ထည့်သွင်းထားပြီး တစ်ဘက်ဘက်က လိုက်နာရန် ပျက်ကွက်ခဲ့လျှင် အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်နိုင်သည်။ သို့ရာတွင် နှစ်ဖက်စလုံး အတွက် လက်ငင်းအကျိုးရှိစေမည့် အကောက်ခွန်လျှော့ချမှုများ လည်း ပါဝင်ပြီး ဥရောပမှ ကားနှင့်အထည်အလိပ်များအတွက် လက်ရှိအခွန်နှုန်းထားအချို့ကိုလည်း FTA စတင်အသက်ဝင်ချိန်၌ ပယ်ဖျက်သွားမည်ဖြစ်သည်။
အီးယူ-နယူးဇီလန် FTA အတွက် စေ့စပ်ညှိနှိုင်းမှုများကို လေးနှစ် ကြာဆောင်ရွက်ခဲ့ရခြင်းဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးထွက်ကုန်များအတွက် ခက်ခဲသည့် ညှိနှိုင်းမှုများရှိခဲ့ကာ အီးယူ-နယူးဇီလန် FTA စတင် အသက်ဝင်ရန်အတွက် ဥရောပပါလီမန်နှင့် အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံမှ ကုန်သွယ်ရေးဝန်ကြီးများက အတည်ပြုရမည်ဖြစ်သည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊