အာဖဂန်နစ္စတန်နိုင်ငံမှာ ငလျင်လှုပ်ပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်ချက် မြင့်တက်လာ

 

ကောင်းဇော်

 

 

ယနေ့ကမ္ဘာပေါ်မှာ အပူလှိုင်းကြောင့်သော်လည်းကောင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်သော်လည်းကောင်း၊ မိုးခေါင်ရေရှားမှုကြောင့်သော် လည်းကောင်း၊ မုန်တိုင်းကြောင့်သော်လည်းကောင်း၊ ငလျင်ကြောင့်သော်လည်းကောင်း၊ မီးလောင်မှုကြောင့်သော်လည်းကောင်း သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် နေ့စဉ်နဲ့အမျှ သေကျေပျက်စီးနေကြရတာကို တွေ့ရပါတယ်။ အဲဒီလို သဘာဝဘေးအန္တရာယ်တစ်ခုခုကျရောက်ပြီဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို လျှော့ချဖို့နဲ့ အချိန်နဲ့တစ်ပြေးညီ ထိထိရောက်ရောက် တုံ့ပြန်ဖို့လိုအပ်ပါတယ်။ ထိုကဲ့သို့ တုံ့ပြန်ဆောင်ရွက်မှု နှောင့်နှေးနေမည်ဆိုပါက မလိုလားအပ်တဲ့ အကျိုးဆက်တွေ တစ်ပူပေါ် တစ်ပူဆင့်ကာ ပိုပြီးခံစားရဖွယ်ရှိပါတယ်။ 

 


အာဖဂန်နစ္စတန်နိုင်ငံမှာ နှစ် ၂၀ အတွင်း 
ပြင်းထန်တဲ့ ငလျင်လှုပ်မှုဖြစ်


အာဖဂန်နစ္စတန်နိုင်ငံ    ပါခ်တီကာပြည်နယ်နဲ့ ကော့စ်ပြည်နယ်တို့မှာ   ဇွန်လအတွင်းက  နှစ် ၂၀ အတွင်း ပြင်းထန်တဲ့ ငလျင်လှုပ်မှုဖြစ်ပွားပြီးနောက် ကလေးငယ် ၁၅၀ အပါအဝင် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့တဲ့အပြင် ၁၆၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ တရားဝင်သတင်းအချက်အလက်တွေအရ သိရပါတယ်။   ဒါ့အပြင်   အဆိုပါ   ငလျင်ကြောင့် လူသောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်လို့လည်း သိရပါ တယ်။ အဆိုပါ ငလျင်ဟာ အမေရိကန် ဘူမိဗေဒ အဖွဲ့အစည်းရဲ့ တိုင်းတာချက်အရ ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိပါတယ်။ 

 


ပါခ်တီကာပြည်နယ်ရှိ ဆေးရုံမှာ ကုသမှုခံယူနေ တဲ့ အမျိုးသမီးတစ်ဦးက အဆိုပါ ပြင်းထန်တဲ့ ငလျင် ကြောင့် မိသားစုဝင် ၁၉ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သတင်းထောက်တွေကို    ပြောပါတယ်။    အခန်း တစ်ခန်းထဲမှာ  ခုနစ်ဦး  သေဆုံးပြီးနောက် တခြား အခန်းထဲမှာ ငါးဦး၊  တခြားအခန်းထဲမှာ  လေးဦးနဲ့ တခြားအခန်းထဲမှာ သုံးဦး အကုန်လုံးသေဆုံးခဲ့တာ ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ အာဖဂန်တာဝန်ရှိ သူတွေဟာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကို နေရာအများစု လုပ်ဆောင်နိုင်ခဲ့ပေမယ့် ဝေးလံ တဲ့ ရွာတွေမှာတော့ လုပ်ဆောင်ဖို့ အခက်တွေ့ခဲ့ရ တယ်လို့ ဆိုပါတယ်။ 

 


အရေးအပေါ်အမိုးအကာနဲ့     စားနပ်ရိက္ခာတွေ ကုလသမဂ္ဂက ပံ့ပိုးပေး


ငလျင်ဗဟိုချက်နဲ့နီးတဲ့  ရွာတွေ၊  လမ်းတွေနဲ့ ဖုန်းတာဝါတိုင်တွေ ထိခိုက်ပျက်စီးကြောင်း အသက် ရှင် ကျန်ရစ်သူတွေနဲ့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ အာဖဂန်တာဝန်ရှိသူတွေက နိုင်ငံ တကာအကူအညီတွေကို တောင်းခံထားပြီးနောက် မှာ ပါခ်တီကာပြည်နယ်ရှိ ဝေးလံခေါင်သီတဲ့ နေရာ တွေကို အရေးပေါ်အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ ကုလသမဂ္ဂက   ပံ့ပိုးပေးလျက်ရှိပါတယ်။   ဒါ့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း       လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ         ပေးပို့လျက်ရှိပါတယ်။ 

 


သေဆုံးသူအများစုဟာ ပါခ်တီကာပြည်နယ်မှဖြစ်


သေဆုံးသူအများစုဟာ  ပါခ်တီကာပြည်နယ် ဂယန်ခရိုင်နဲ့ ဘာမယ်ခရိုင်တို့မှ ဖြစ်ကြောင်း သိရပါ တယ်။ အသက်ရှင်ကျန်ရစ်သူတစ်ဦးက တဒုန်းဒုန်း နဲ့မြည်ပြီး    အိပ်ရာလှုပ်လာကြောင်း၊   အဲဒီနောက် မျက်နှာကြက်ပြုတ်ကျလာပြီး    ပိတ်မိနေကြောင်း၊ ဒါပေမယ့် ကောင်းကင်ကို   မြင်နေရကြောင်း၊   ပခုံး အဆစ်လွဲသွားကြောင်း၊ ဦးခေါင်းက နာနေပေမယ့် လွတ်မြောက်ခဲ့ကြောင်း  ပြောပါတယ်။  အဲဒီနောက် မှာ ၎င်းနဲ့  တစ်ခန်းတည်းနေတဲ့  မိသားစုဝင်တွေ သေဆုံးသွားကြောင်း ဆက်ပြောပါတယ်။ 
ငလျင်ကြောင့် ဆိုးဆိုးရွားရွားထိခိုက်ဒဏ်ရာရရှိထားတဲ့ မိခင်တစ်ဦးကလည်း မိသားစုဝင် ခုနစ်ဦး အပါအဝင် ၎င်းနေတဲ့ရွာမှ  အများအပြားသေဆုံးခဲ့ တယ်လို့ ပြောပါတယ်။   ဒါ့အပြင်  ၎င်းမှာ  အလွန် ဆင်းရဲကြောင်း၊   အိမ်ပြန်ဆောက်နိုင်ဖို့    မလွယ် ကြောင်းနဲ့ စားစရာပြတ်လပ်နေကြောင်း၊ သွားစရာ နေရာမရှိတဲ့အတွက်   တာဝန်ရှိသူတွေက   အိမ်ပြန် ဆောက်ပေးဖို့ ဆက်ပြောပါတယ်။ ပါကစ္စတန်နိုင်ငံမှ အလုပ်လုပ်ပြီးပြန်လာတဲ့ အမျိုးသားတစ်ဦးဆိုရင် အဆိုပါ ငလျင်ကြောင့် ၎င်းရဲ့သမီးအပါအဝင် မိသားစု ဝင်အယောက် ၂၀ ဆုံးရှုံးခဲ့ရပါတယ်လို့ ဆိုပါတယ်။

 


အကူအညီလိုအပ်သူ ၂၇၀၀၀၀  ရှိ


ယခုအခါမှာတော့         အသက်ရှင်ကျန်ရစ်သူ မိသားစုဝင်တွေဟာ အိမ်အပျက်အစီးများဘေးမှာ ယာယီရွက်ဖျင်တဲတွေထိုးကာ    နေထိုင်လျက်ရှိ ကြောင်း   သိရပါတယ်။  အာဖဂန်နစ္စတန်နိုင်ငံဟာ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဘဏ္ဍာရေးအခြေအနေအရ အကူအညီလိုအပ်တဲ့သူ တွေထံ ထောက်ပံ့ပေးနိုင်ဖို့  အခက်တွေ့နေ တယ်လို့ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။ အာဖဂန် နစ္စတန်နိုင်ငံမှာ  အကူအညီလိုအပ်သူ   ၂၇၀၀၀၀ ရှိတယ်လို့   သတင်းရင်းမြစ်တွေမှာ  ဖော်ပြထားပါ တယ်။ ဒါ့အပြင်  အာဖဂန်ဗဟိုဘဏ်ရဲ့   နိုင်ငံခြား အရန်ငွေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကို ဘိုင်ဒင် ဦးဆောင်တဲ့အစိုးရက ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။  

 


ဒါပေမယ့် အာဖဂန်ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ်  အမေရိကန်ဒေါ်လာ  ၅၅  သန်း နီးပါးကို အမေရိကန်နိုင်ငံက ထောက်ပံ့ပေးအပ်သွား မယ်လို့ သိရပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံကို လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီအဖြစ် အများဆုံးကူညီပေး တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယမန်နှစ်က  အာဖဂန် နစ္စတန်နိုင်ငံကို  လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၇၇၄ သန်းကျော် လှူဒါန်းမှုပြုလုပ်ထားတယ်လို့    ဆိုပါတယ်။

 


ကမ္ဘာ့နိုင်ငံအသီးသီးက လှူဒါန်းလျက်ရှိ


တရုတ်၊  အိန္ဒိယ၊  အီရန်၊  တူကီယဲသမ္မတနိုင်ငံ၊   ဥဇဘတ်ကစ္စတန်၊ ပါကစ္စတန်၊ ကာတာ၊ ယူအေအီးတို့ အပါအဝင် ဒေသတွင်းနိုင်ငံ အများအပြားကလည်း ရွက်ဖျင်တဲတွေ၊    အဝတ်အစားတွေ၊   ဆေးဝါးနဲ့ အစားအစာတွေကို    ငလျင်ဒဏ်သင့်ပြည်သူတွေ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအဖြစ်           လှူဒါန်းလျက်ရှိပါတယ်။ မကြာသေးမီရက်အတွင်း ငလျင်ဒဏ်သင့်ပြည်သူ တွေအတွက်    တရုတ်နိုင်ငံက  အမေရိကန်ဒေါ်လာ ရှစ်သန်းတန်ဖိုးရှိ ကယ်ဆယ်ရေးထောက်ပံ့ ပစ္စည်း တွေကို    တင်ဆောင်လာတဲ့    လေယာဉ်နှစ်စင်း ကဘူးလ်လေဆိပ်ကို      ရောက်ရှိလာခဲ့တယ်လို့ တာလီဘန်အရာရှိတွေက ပြောပါတယ်။  ဒါ့အပြင် ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် တရုတ်နိုင်ငံက အရေးပေါ်  လူသားချင်းစာနာမှုဆိုင်ရာ  အကူအညီ အဖြစ် ယွမ် သန်း ၅၀ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ သန်း) ပေးအပ်ဖို့လည်း ကတိပြုထားပါသေးတယ်။ ပါကစ္စတန်နိုင်ငံမှ  သမားတော်တွေ၊   ဆေးမှူးတွေ ပါဝင်တဲ့ အဖွဲ့ဝင် ၁၉ ဦးလည်း ငလျင်ဒဏ်သင့်ပြည်သူ တွေကို ဆေးဝါးကုသမှုပေးလျက်ရှိတယ်လို့ ဆိုပါ တယ်။  

 


အာဖဂန်နစ္စတန်နိုင်ငံမှာ ငလျင်ကြောင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ် ချက်ကို   မြင့်တက်စေခဲ့ပြီး   နိုင်ငံလူဦးရေရဲ့  ၉၀ ရာခိုင်နှုန်းခန့်ဟာ   ငတ်မွတ်ခေါင်းပါးမှုနဲ့    ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ အကူအညီပေးရေး အေဂျင်စီ က    ပြောပါတယ်။    သီးခြား    လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တောင်းဆိုမှုမှတစ်ဆင့် ယခု နှစ်မှာ   အာဖဂန်နစ္စတန်နိုင်ငံရှိ    အရေးအကြီးဆုံး လိုအပ်ချက်တွေကို   လျော့ပါးစေဖို့နဲ့   အသက်ရှင် ရပ်တည်ရေး ကူညီရန်အတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ  ၄  ဘီလီယံခန့်ကူညီဖို့  ကုလသမဂ္ဂက အလှူရှင်တွေထံ တောင်းဆိုထားပါတယ်။  ဇွန် ၂၈ ရက်အထိ ၂၀၂၂ လူသားချင်းစာနာထောက်ထားမှု အကူအညီ   တောင်းဆိုမှုရဲ့  ၃၄   ရာခိုင်နှုန်းထက် မနည်း     ပြည့်မြောက်ခဲ့တယ်လို့    ဆိုပါတယ်။ အမေရိကန်နိုင်ငံက  အများဆုံးအလှူရှင်စာရင်းရဲ့   ထိပ်ဆုံးမှာ    ရပ်တည်နေပြီး    အမေရိကန်ဒေါ်လာ ၄၅၉ ဒသမ ၆ သန်း လှူဒါန်းထားတယ်လို့ သိရပါ တယ်။      ။    


ကိုးကား - ဆင်ဟွာ