မြေ၊ မျိုး၊ ရာသီ၊ စိုက်နည်းမှန်ရုံမက ပျိုးပင်မှန်ကန်ဖို့လည်း ဂရုပြုပါ

 

ရှေးယခင် အစဉ်အဆက်ကတည်းက ဇွန်၊ ဇူလိုင်လ  မိုးဦးကျကာလ‌‌တွင် နှစ်ရှည်သီးနှံ  သရက်ပင်များကို     စတင်စိုက်ပျိုးလေ့ရှိကြသည်။ မြေဆီလွှာစိုထိုင်းစ အလုံအလောက်ရရှိပြီး စိုက်ပျိုးသမျှအပင်များ ဖြစ်ထွန်းအောင်မြင်မှုအားကောင်းသည့် အချိန်ဖြစ်သဖြင့် မိုးဦးကာလ ကို စိုက်ပျိုးရန်အချိန်ကောင်းဟု   သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ ‘‘မြေမှန်၊ မျိုးမှန်၊ ရာသီဥတုမှန်၊  စိုက်နည်းစနစ် မှန်ကန်’’ ဆိုသော စကားရပ်နှင့်အညီ ရာသီအရ တွက်ချက်ပါက ယခုအချိန် စိုက်ပျိုး ခြင်းသည် စိုက်ပျိုးချိန်အားဖြင့် မှန်ကန်နေသော်လည်း လိုအပ်သော ပန်းတိုင်အထွက်နှုန်းနှင့် အပင်၏ရှင်သန်ကြီးထွားမှုများ အောင်မြင် ရန်မှာမူ ပျိုးပင်ရွေးချယ်မှုနှင့်လည်း   များစွာဆက်စပ်သက်ဆိုင်နေပါသည်။

 


သရက်ပင်/သရက်ခြံ   စတင်တည်ထောင်စိုက်ပျိုးမည်ဆိုပါက မိမိက သရက်ပင်/သရက်ခြံကို ဘယ်လိုရည်ရွယ်ချက်နှင့် တည်ထောင် စိုက်ပျိုးချင်တာလဲ။ ဥပမာ - မျိုးရိုးဗီဇထိန်းဖို့အတွက် စိုက်ပျိုးမှာလား၊ အရိပ်ရအပင်အဖြစ် စိုက်ပျိုးမှာလား၊ အရိပ်လည်းရ အသီးလည်း စားရဖို့ အတွက် စိုက်ချင်တာလား၊   စီးပွားရေးသက်သက် ဦးတည်စိုက်ပျိုးမှာ လားစသဖြင့် အကြမ်းဖျဉ်းခွဲခြားနားလည်ရမည့်   အပိုင်းကဏ္ဍများကို ကြိုတင်ဆန်းစစ်ဖို့ လိုအပ်သည်။ 

 


အဘယ်ကြောင့်ဆိုသော်  သရက်ပျိုးပင်/သရက်မျိုး အရွေးမှားပြီး စိုက်ပျိုးမိပါက သွင်းအားစုကုန်ကျစရိတ်များနှင့်   စိုက်ပျိုးစရိတ်များ လေလွင့်ဆုံးရှုံးနိုင်ပြီး ထိုကဲ့သို့ မျိုးမှားစိုက်ပျိုးခြင်းကိုလည်း ယနေ့ ခေတ် စိုက်ပျိုးသူအများစု ကြုံတွေ့နေရ၍ ဖြစ်ပါသည်။

 


စတင်စိုက်ပျိုးမည့်သူများအနေဖြင့် မိမိစျေးကွက်၏ လိုအပ်ချက်၊ မိမိဒေသရာသီဥတုတို့နှင့် ကိုက်ညီသော မျိုးစိတ်များကိုသာ ရွေးချယ် စိုက်ပျိုးသင့်ပြီး တခြားဒေသနှင့်ကိုက်ညီတိုင်း ကိုယ့်ဒေသနှင့် ကိုက်ညီ မှု ရှိ မရှိကိုလည်း နားလည်လက်ခံရန် လိုအပ်သည်။ ထို့ပြင်  အကင်း စား၊ အသီးစိမ်းစား၊ အမှည့်စား သရက်သီးစားပုံ သုံးမျိုးအရ  မိမိက ဘယ်လိုသရက်ပင်မျိုးကို စိုက်ပျိုးမည်လဲကို စတင်ရွေးချယ်ရမည်။ ပျိုးပင်အမျိုးအစားများအနေဖြင့်လည်း   အစေ့ပျိုးပင်နှင့်   ကိုင်းကူး ပျိုးပင်နှစ်မျိုးအနက် ရွေးချယ်ရမည်။ အသီးစားမည့်သူများက အစေ့ ပျိုး သရက်ပင်ကို စိုက်ပျိုးခြင်းဖြင့် အချိန်ကြာကြာနေမှရသောအသီးကို စောင့်စားနိုင်ပြီး   ကိုင်းကူးကိုင်းဆက်  သရက်ပျိုးပင်များကိုတော့        မြန်မြန်ဆန်ဆန်  အသီးသီးကာ စျေးကွက်ကို အမြန်တင်ပို့ရောင်းချ လိုသူများက စိုက်ပျိုးသင့်ပါသည်။

 


သရက်ပင်စိုက်ပျိုးပါက  သရက်ပျိုးပင်ရွေးချယ်ခြင်းမှာ   အဓိက တွက်ချက်ပြင်ဆင်ရမည့် အချက်ဖြစ်ပြီး


    -     မျိုးဗီဇ ကောင်းမွန်ခြင်း
    -     အနာရောဂါ ကင်းစင်ခြင်း
    -     ကိုင်းကူးဆက်ထားမှု ကောင်းမွန်မှန်ကန်ခြင်း
    -     ကျန်းမာကြံ့ခိုင်ပြီး သန်မာသောအပင်ဖြစ်ခြင်း
    -     ကူးပြီးသော အပင်ကို အညွန့်နှစ်ဆင့်ဖြစ်မှ ရွေးချယ်သင့်ခြင်း
    -     ပန်းပွင့်နေသော ပျိုးပင်နှင့် အသီးရှိနေသောပျိုးပင်များကို မဝယ်သင့်ခြင်း စသည်တို့ကိုလည်း သိထားဖို့လိုပါသည်။

 


အရင်းအနှီးနှင့် ကုန်ကျစရိတ်များရှိပြီး  အချိန်ကာလများစွာ ပေးဆပ်စိုက်ပျိုးရသည့်  နှစ်ရှည်သီးနှံပင်လုပ်ငန်းကို  လုပ်ကိုင်မည့် စိုက်ပျိုးရေးဝါသနာရှင်များအနေဖြင့်  မစိုက်ပျိုးခင် အချိန်မီ ကြိုတင် လေ့လာခြင်းဖြင့် သရက်ခြံတည်ထောင်စိုက်ပျိုးချိန်တွင် အလွဲအမှား နည်းပါးကာ အောင်မြင်ဖြစ်ထွန်းမှုများ ရရှိလာစေရန်    စေတနာ ရှေ့ထား ရည်ရွယ်ရေးသားလိုက်ရပါသည်။        

နန်းထက်ထက်ချစ်