
ဟောင်ကောင် ဇူလိုင် ၂
ဇူလိုင် ၁ ရက်က တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှု ကြောင့် တောင်တရုတ်ပင်လယ်အတွင်း သင်္ဘော တစ်စင်း ထက်ပိုင်းကျိုး နစ်မြုပ်ကာ သင်္ဘောသား ၂၄ ဦးကျော် ပျောက်ဆုံးနေသဖြင့် ကယ်ဆယ်ရေး အဖွဲ့များက လိုက်လံရှာဖွေလျက်ရှိကြောင်း တာဝန်ရှိ သူများက ပြောသည်။
မုန်တိုင်းတိုက်ခတ်စဉ် ဟောင်ကောင်ဒေသ၏ အနောက်တောင်ဘက် ရေမိုင် ၁၆၀ အကွာတွင် ရောက်ရှိနေသည့် အင်ဂျင်နီယာသင်္ဘောတစ်စင်း သည် နှစ်ပိုင်းကျိုးကာ ပျက်စီးသွားခဲ့သဖြင့် အမှုထမ်း ၃၀ တို့က သင်္ဘောကို စွန့်ခွာခဲ့ရကြောင်းဟောင်ကောင် အစိုးရ ပျံသန်းရေးဝန်ဆောင်မှုဆိုင်ရာဌာနက ပြောကြားသည်။ ၎င်းတို့အနက်မှ သုံးဦးကို ဒေသ စံတော်ချိန် ညနေ ၃ နာရီခန့်တွင် ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း ဒေသအာဏာပိုင် အဖွဲ့က ပြောသည်။
အခြားသင်္ဘောသားများမှာ ပထမဆုံးကယ်ဆယ် ရေး ရဟတ်ယာဉ် မရောက်ရှိမီမှာပင် လှိုင်းလုံးများ ဖြင့် မျောပါသွားခြင်းဖြစ်နိုင်သည်ဟု အသက်ရှင် ကျန်ရစ်သူ သုံးဦးက ပြောကြားခဲ့ကြောင်း အစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တောင်တရုတ်ပင်လယ်ဒေသ အလယ်ပိုင်းမှ စတင်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း “ချာဘာ” သည် ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက် တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ နစ်မြုပ်သွားသည့် သင်္ဘောသည် တိုင်ဖွန်းမုန်တိုင်း ချာဘာတိုက်ခတ်မှု၏ ဗဟိုချက်အနီး၌ ရောက်ရှိနေသဖြင့် အန္တရာယ်ကြားမှ လွတ်မြောက်ရန် ခက်ခက်ခဲခဲ လုပ်ဆောင်ရနိုင် ကြောင်း ဟောင်ကောင်ကယ်ဆယ်ရေးအဖွဲ့များက ဇွန် ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၂၅ မိနစ်တွင် သတိပေးခဲ့သေးသည်ဟု ဆိုသည်။ မုန်တိုင်းတိုက်ခတ်စဉ် အဆိုပါ သင်္ဘောရောက်ရှိသည့် နေရာ၌ တစ်နာရီလျှင် လေတိုက်နှုန်း ၁၄၄ ကီလို မီတာနှင့် လှိုင်းအမြင့်မှာ ၁၀ မီတာအထိ ရှိခဲ့ကြောင်း ဒေသအာဏာပိုင်များက ဆိုသည်။
ယခုအခါ နစ်မြုပ်သင်္ဘောပေါ်မှ ဒုက္ခရောက် နေသူများကို ကယ်ဆယ်နိုင်ရန်အတွက် ဟောင်ကောင် အစိုးရ ပျံသန်းရေး ဝန်ဆောင်မှုဆိုင်ရာဌာနမှ လေယာဉ် နှစ်စင်းနှင့် ရဟတ်ယာဉ် လေးစင်းစေလွှတ် ထားပြီး တရုတ်နိုင်ငံ ဗဟိုအစိုးရကလည်း ကယ်ဆယ် ရေးရေယာဉ်တစ်စင်းကို စေလွှတ်ထားသည်။
သင်္ဘောနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူ အများ အပြားရှိသောကြောင့် ရှာဖွေရေးဧရိယာကို တိုးမြှင့် ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ညပိုင်း အထိ တိုးချဲ့လုပ်ဆောင်သွားမည်ဟု ကယ်ဆယ်ရေး သမားများက ပြောကြားသည်။
အေအက်ဖ်ပီ