
ပါရီ ဇူလိုင် ၂
ရေငုပ်သင်္ဘောအရေးကိစ္စပြီးနောက် နှစ်နိုင်ငံကြား အနာဂတ်ဆက်ဆံရေးနှင့်ပတ်သက်ပြီး ဆွေးနွေးရန် အတွက် ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်သည် ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်ဘာနိစ်ကို ဇူလိုင် ၁ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း အင်န်အိတ်ချ်ကေသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
မက်ခရွန်နှင့် အယ်ဘာနိစ်တို့သည် အပြန် အလှန်ယုံကြည်မှုနှင့် လေးစားမှုတို့ကို အခြေခံ၍ နီးကပ်စွာဖြင့် ခိုင်မာသော နှစ်နိုင်ငံကြား ဆက်ဆံ ရေးကို တည်ဆောက်ရန် ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့ကြကြောင်း ပြင်သစ်သမ္မတရုံးက ပြောသည်။ ဝန်ကြီးချုပ် အယ်ဘာနိစ်က ၎င်း၏ ခရီးစဉ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေးသစ် တစ်ခု ကို ပြန်လည်တည်ဆောက်ရန် ကိုယ်စားပြုကြောင်း ပြောသည်။
ထို့အပြင် ပြင်သစ်သမ္မတ မက်ခရွန်က ၎င်းနှင့် အယ်ဘာနိစ်တို့သည် အတိတ်ကာလအကြောင်းကို ဆွေးနွေးသွားမည် မဟုတ်ဘဲ အနာဂတ်အကြောင်း ကိုသာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောသည်။ ထို့အပြင် လက်ရှိဝန်ကြီးချုပ် အယ်ဘာနိစ်တွင် ပြင်သစ်နှင့် ဩစတြေးလျနိုင်ငံတို့အကြား ဆက်ဆံရေး အေးစက်လာမှုအတွက် တာဝန်မရှိကြောင်း ပြောသည်။
ယမန်နှစ်က ဩစတြေးလျ ဝန်ကြီးချုပ်ဟောင်း စကော့ မာရီဆွန်သည် ပြင်သစ်ပိုင် သင်္ဘော တည်ဆောက်သူ ရေတပ်အုပ်စုနှင့် ဒေါ်လာဘီလီယံ ပေါင်းများစွာတန်ကြေးရှိသော ဒီဇယ်စွမ်းအင်သုံး ရေငုပ်သင်္ဘောများမှာယူမှု စာချုပ်ကို ဖျက်သိမ်းခဲ့မှု နှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး အေးစက်ခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ