
မြတ်ယွန်းဝေ
လက်ရှိ စားနပ်ရိက္ခာအကျပ်အတည်း ရင်ဆိုင်နေရသည့် ဒေသများသို့ ဥရောပ ကော်မရှင်က ယူရိုသန်း ၆၀၀ (အမေရိ ကန် ဒေါ်လာ ၆၃၃ သန်း) ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ဥရောပကော်မရှင် အကြီးအကဲဖြစ်သူ အာဆူလာ ဗွန်ဒါလီ ယန်က ပြောကြားလိုက်သည်။
အဆိုပါ ထောက်ပံ့ငွေများကို ဥရောပ ဖွံ့ဖြိုးရေးရန်ပုံငွေမှ ရရှိမည်ဖြစ်ပြီး အာဖရိက၊ ကရစ်ဘီယံနှင့် ပစိဖိတ် ဒေသတွင်းနိုင်ငံများတွင် ခံစားနေရသည့် စားနပ်ရိက္ခာအကျပ်အတည်းနှင့် စီးပွား ရေးထိခိုက်မှုများကို ဖြေရှင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဥရောပ ဖွံ့ဖြိုးရေးနေ့တွင် ၎င်းက ထုတ်ဖော် ပြောကြားလိုက်ခြင်းဖြစ်သည်။
စားနပ်ရိက္ခာထုတ်လုပ်မှုထောက်ပံ့
အကူအညီလိုအပ်နေသည့် နိုင်ငံများ အနေဖြင့် ယူရို သန်း ၁၅၀ (အမေရိကန် ဒေါ်လာ ၁၅၈ သန်း)ကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီအဖြစ် လည်းကောင်း၊ ယူရို သန်း ၃၅၀ (အမေရိ ကန် ဒေါ်လာ ၃၆၉ သန်း)ကို ရေရှည် တည်တံ့ပြီး ခံနိုင်ရည်ရှိသော စားနပ် ရိက္ခာ ထုတ်လုပ်မှုလုပ်ငန်းများအတွက် လည်းကောင်း၊ ယူရို သန်း ၁၀၀ (အမေရိကန်ဒေါ်လာ သန်း ၁၀၅ သန်း)ကို မက်ခရိုစီးပွားရေးလုပ်ငန်းများ အတွက် အထောက်အပံ့အဖြစ်လည်း ကောင်း ပံ့ပိုးပေးသွားမည်ဖြစ်သည်။
အဆိုပါထောက်ပံ့ငွေများမှာ ဥရောပ ကော်မရှင်က ကမ္ဘာလုံးဆိုင်ရာစားနပ် ရိက္ခာအကျပ်အတည်းကို ဖြေရှင်းရန် အသုံးပြုမည့် ယူရို သုံးဘီလီယံ (အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၁၆ ဘီလီယံ)အနက်မှ ပထမဆုံးအသုတ်အဖြစ် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ အစား အစာထုတ်လုပ်မှုလုပ်ငန်းနှင့် ရေရှည် တည်တံ့သော စားနပ်ရိက္ခာစနစ်များ အတွက် ရင်းနှီးမြှုပ်နှံနိုင်ရေးသည် အထူး အရေးပါကြောင်း ဗွန်ဒါလီယန်၏ တွစ်တာစာမျက်နှာတွင် ဖော်ပြသည်။
ကမ္ဘာ့ဘဏ်ကထောက်ပံ့
အလားတူ ကမ္ဘာ့ဘဏ်ကလည်း ဆိုမာလီယာနိုင်ငံ၌ မိုးခေါင်ရေရှားမှု အကျိုးဆက်များကြောင့် ထိခိုက်မှုများကို တုံ့ပြန်နိုင်ရေးအတွက် အပြည်ပြည် ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ထောက်ပံ့ ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၄၃ သန်း ထောက်ပံ့ကူညီသွားမည်ဖြစ်သည်။
ဆိုမာလီယာနိုင်ငံတွင် မိုးခေါင် ရေရှားမှုအကျိုးဆက်အဖြစ် စားနပ် ရိက္ခာ ပြတ်တောက်နေသည့်အတွက် အိမ်ထောင်စုပေါင်း ငါးသိန်းသို့ ထောက်ပံ့ ငွေများ ရောက်ရှိအောင် ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ဆိုမာ လီယာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ဌာနေ ညွှန်ကြားရေးမှူး ခရစ္စတီးနားစဗင်ဆင် က ပြောကြားသည်။
ဆိုမာလီယာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေများ ပိုမိုဆိုးရွားနေပြီး အသက် ငါးနှစ် အောက် ကလေးငယ် ၁ ဒသမ ၅ သန်းမှာ အာဟာရချို့တဲ့မှုဝေဒနာ ခံစားနေကြရ သဖြင့် ၎င်းတို့အနက် ကလေးငယ် ၃၅၆၀၀၀ ခန့်မှာ ယခုနှစ် စက်တင်ဘာလ အထိပင် အသက်ရှင်သန်နိုင်လိမ့်မည် မဟုတ်ဟု ခန့်မှန်းထားကြောင်း ဆိုမာ လီယာနိုင်ငံရှိ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဌာနေညှိနှိုင်း ရေးမှူး အာဒမ် အဘ်ဒယ်မိုလာက ပြောကြားထားသည်။
မိုးခေါင်ရေရှားမှုအကျိုးဆက်
အဘ်ဒယ်မိုလာသည် ဆိုမာလီယာ မိုးခေါင်ရေရှားမှုပြဿနာ ဖြေရှင်းရေး ဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ အဘ်ဒီရာမန် အဘ်ဒီရှာခါနှင့်အတူ ဆိုမာလီယာနိုင်ငံ ဒေါလိုးဒေသသို့ သွားရောက်ပြီး ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူများ၏ စခန်းများ နှင့် ကျန်းမာရေးစင်တာများသို့ သွား ရောက်ပြီး ရပ်ရွာအကြီးအကဲများနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး မိတ်ဖက်အဖွဲ့အစည်း များနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့သွားရောက် စဉ် ဒေသအနှံ့အပြားတွင် မိုးခေါင်ရေရှား မှု၏ အကျိုးဆက်များကြောင့် လူပေါင်း များစွာ သေကျေပျက်စီးနေသည်ကို တွေ့ရှိခဲ့ရသည်။
ခရိုင်ရှစ်ခု အငတ်ဘေးဆိုက်
“ လက်ရှိ ဆိုမာလီယာနိုင်ငံသား ၇ ဒသမ ၁ သန်းဟာ စားနပ်ရိက္ခာ အထောက်အပံ့ကို လိုအပ်နေပါတယ်။ ငါးနှစ်မြောက်မိုးရာသီမှာလည်း ဒီအတိုင်း ဆက်မိုးခေါင်နေမယ်ဆိုရင် အရေ အတွက် ဒီထက်မက တိုးလာနိုင်ပါတယ်။ ဆိုမာလီယာနိုင်ငံမှာရှိတဲ့ ခရိုင်ပေါင်း ၉၀ အနက် ရှစ်ခုမှာ အငတ်ဘေးဆိုက်ရောက် နေရပါတယ်။ အသက်ဘေးအန္တရာယ်တွေ ကယ်ဆယ်နိုင်ဖို့ဆိုရင် ဒီထက်မက အလှူရှင်တွေ လိုအပ်နေပါတယ်” ဟု မိုလာက ဆိုသည်။
အရှေ့အာဖရိကဒေသရှိ အာဟာရ ချို့တဲ့မှုကြောင့် ကလေးများ သေဆုံးနေမှု ကို ထောက်ပံ့ကူညီမှုများ ချက်ချင်း ဆောင်ရွက်ရန် လိုအပ်နေကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ အာဖရိကအရှေ့ပိုင်း နှင့် တောင်ပိုင်းဒေသဆိုင်ရာဌာန လက်ထောက် ညွှန်ကြားရေးမှူးဖြစ်သူ ရာနီရာ ဒါဂတ်ရှ်ကလည်း တောင်းဆို လိုက်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေသည့် အာဟာရချို့တဲ့မှု ဒဏ်ခံနေရသည့် ကလေးငယ်အရေ အတွက်သည် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် ပထမသုံးလပတ်ကာလတူ နှိုင်းယှဉ်မှု အရ အီသီယိုးပီးယားတွင် ၂၇ ရာခိုင်နှုန်း၊ ဆိုမာလီယာတွင် ၄၈ ရာခိုင်နှုန်းနှင့် ကင်ညာတွင် ၇၁ ရာခိုင်နှုန်း မြင့်တက် လာကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါ ကလေးငယ်များကို ကုသရ မည့် အသက်ကယ် အစားအသောက် ကုထုံးအတွက် ကုလသမဂ္ဂအေဂျင်စီများ က အသုံးပြုရမည့် ကုန်ကျစရိတ်သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လာမည့် ခြောက်လအတွင်း ၁၆ ရာခိုင်နှုန်း အထိ မြင့်တက်လာနိုင်ကြောင်း၊ အထူးသဖြင့် အရှေ့အာဖရိကဒေသ တစ်ခုတည်း အတွက်ပင် ယူနီဆက်ဖ်က အသုံးပြုရ မည့် ခန့်မှန်းကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၁၂ သန်းခန့် ရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
သန့်ရှင်းသောသောက်သုံးရေမရ
အာဖရိကဦးချိုဒေသတွင် အာဟာရ ချို့တဲ့မှုကြောင့် ကလေးငယ်အများ အပြား သေဆုံးမှုဖြစ်ပွားနေပြီး ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် အငတ်ဘေး ကာလက သေဆုံးခဲ့သည့် ကလေးအရေ အတွက် ၃၄၀၀၀၀ ထက်ပင် ကျော်လွန် လျက်ရှိသည့်အပြင် ဖေဖော်ဝါရီနှင့် မေလအကြား သန့်ရှင်းသောသောက်သုံး ရေမရရှိသည့် အိမ်ထောင်စုပေါင်းမှာ လည်း ၅ ဒသမ ၆ သန်းမှ ၁၁ သန်းခန့် အထိပင် နှစ်ဆတိုးလာခဲ့ကြောင်း ယူနီဆက်ဖ်က ထုတ်ပြန်ထားသည်။
စားနပ်ရိက္ခာအကူအညီ အရေးတကြီး လိုအပ်နေမှုကြောင့် နေရပ်စွန့်ခွာစခန်း များသို့ မကြာသေးမီက ရောက်ရှိလာသူ များမှာလည်း ယခုအချိန်အထိ အကူ အညီမရရှိသေးသူများစွာ ရှိနေသေး သည်။ မိုးခေါင်ရေရှားမှုအပြင် ကမ္ဘာလုံး ဆိုင်ရာ လောင်စာဆီဈေးကြီးမြင့်မှုနှင့် အစားအသောက်စရိတ်များ ကြီးမား လာမှုတို့ကြောင့် အီသီယိုးပီးယား၊ ကင်ညာနှင့် ဆိုမာလီယာဒေသရှိ ပြည်သူ များ အသက်ရှင်ရပ်တည်ရေးအတွက် လိုအပ်သည့် အခြေခံအစားအသောက် လုံလောက်မှုမရှိသည့် စိန်ခေါ်မှုကိုလည်း ရင်ဆိုင်ရလျက်ရှိသည်။
ကိုးကား - ဆင်ဟွာ