
ဆိုးလ် ဇွန် ၂၂
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဂင်ပိုလေဆိပ်နှင့် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဟာနီဒါလေဆိပ်ကြား လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်သည်ဟု တောင်ကိုရီးယားအစိုးရက ပြောကြား လိုက်ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် အဆိုပါ ခရီးသည်တင်လေကြောင်းခရီးစဉ်ကို ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ရပ်နားထား ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ခရီးသည်တင်လေကြောင်းလိုင်း ဇွန် ၂၉ ရက်တွင် ပြန်လည်ပြေးဆွဲမှုနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံဘက်မှ တာဝန်ရှိသူများနှင့် ယမန်နေ့က သဘောတူညီမှုရရှိခဲ့ကြောင်း တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောသည်။
အဆိုပါ ခရီးသည်တင်လေကြောင်းလိုင်းသည် နှစ်နိုင်ငံလေဆိပ်များကြား တစ်ပတ်လျှင် အသွား အပြန် ရှစ်ကြိမ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လေကြောင်းကုမ္ပဏီများ၏ ခရီးသွား တောင်းဆိုချက်နှင့် အခြေအနေကို ထည့်သွင်း တွက်ချက်ပြီး ဇူလိုင်လမှစတင်ကာ တိုးချဲ့ပြေးဆွဲ သွားရန် စီစဉ်ထားကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောသည်။ ဂင်ပိုနှင့် ဟာနီဒါလေဆိပ်နှစ်ခုကြား ချိတ်ဆက်ပြေးဆွဲမှုသည် ဆိုးလ်နှင့် တိုကျိုကြား ခရီးသွားလာရေး ပြန်လည်သက်ဝင်လာမှု၏ သင်္ကေတ တစ်ခုဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီး ဝမ်ဟီယောင်းက ပြောသည်။
အင်န်အိတ်ချ်ကေ