
နွယ်နီလင်း
ထောက်ပံ့ရေးလမ်းကြောင်း ပြတ်တောက် မှုကြောင့် လက်ဘနွန်နိုင်ငံ၌ စားနပ် ရိက္ခာကျပ်တည်းနေသည့်ကြားမှ နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ ကျယ်ပြန့် သော ဂျုံစိုက်ခင်းများတွင် ယခုနှစ်သီးနှံ ရိတ်သိမ်း ရာသီအစကာလ သီးနှံ ရိတ်သိမ်းနိုင်ရေးအတွက် အလုပ်ရှုပ် နေကြသည်။
ငွေကြေးဆုံးရှုံးမှုအတွက် စိုးရိမ်ပူပန်
ပြည်တွင်း ဂျုံဈေးသည် တစ်တန် လျှင် လက်ဘနွန် ပေါင် ၉၈၀၀၀၀ (အမေရိကန် ဒေါ်လာ ၃၅ ဒေါ်လာခန့်) သာ ရှိသောကြောင့် လက်ဘနွန်စိုက်ပျိုး တောင်သူများ ငွေကြေးဆုံးရှုံးမှုအတွက် စိုးရိမ်ပူပန်မှုမှ ကင်းလွတ်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့၏ တန်ဖိုးတွက်ချက် မှုအရ လစဉ်စားနပ်ရိက္ခာ ကုန်ကျစရိတ် သည် အမေရိကန်ဒေါ်လာ ၅၀၀ ခန့်အထိ ရှိနေသည်။
လက်ဘနွန် ပေါင်ငွေသည် ၉၀ ရာခိုင်နှုန်း ကျော် တန်ဖိုးကျဆင်းနေသဖြင့် လက်ဘနွန်နိုင်ငံသုံး ငွေကြေးဖြင့် ဂျုံရောင်းချခြင်းသည် အကျိုးအမြတ် မရှိကြောင်း အရှေ့ပိုင်းအယ်လ်မာ့ဂျ် မြေပြန့်လွင်ပြင်ဒေသရှိ လယ်ဧက ၅၀ ခန့် ပိုင်ဆိုင်သူ ဂျမဲလ်ဂျမီက ပြောသည်။
လက်ငင်းငွေပေးချေနိုင်သည့် သီးနှံပွဲစားများကိုသာရောင်းချ
လက်ဘနွန်နိုင်ငံရှိ လယ်သမား အချို့သည် လက်ငင်းငွေပေးချေနိုင်သည့် သီးနှံပွဲစားများကိုသာ သီးနှံများ ပိုမို ရောင်းချကြကြောင်း လက်ဘနွန်နိုင်ငံ တောင်ပိုင်း နာဗတိမြို့ရှိ အသက် ၆၀ အရွယ် လယ်သမားတစ်ဦးဖြစ်သူ ဂျမယ် ဇီတော်နီက ဆိုသည်။
သီးနှံဈေးနှုန်းများ ကျဆင်းသည့် အချိန်မှစတင်ကာ စပါးလုံလောက်မှု မရှိသည့် တောင်သူများ ထိခိုက်နစ်နာ ခဲ့ရကြောင်း၊ လယ်သမားများသည် ငွေကြေးပိုမိုရရှိနိုင်သော အခြားသီးနှံ အမျိုးအစားများကိုသာ ပိုမိုစိုက်ပျိုးကြ ရန် လိုလားကြကြောင်း လက်ဘနွန် နိုင်ငံတောင်ပိုင်း မာဂျီရော့မြို့ရှိ အခြား လယ်သမား တစ်ဦးဖြစ်သူ ရှာဘယ်လ် အစ်က ပြောသည်။
၁၀ ရာခိုင်နှုန်းခန့်ကိုသာ ထောက်ပံ့ပေးနိုင်
လက်ဘနွန်နိုင်ငံရှိ မြေဧရိယာ ဟက်တာ ၃၀၀၀၀ ခန့်တွင် ဂျုံသီးနှံကို သာ အများဆုံး စိုက်ပျိုးကြသော်လည်း ပြည်တွင်းစားသုံးရန် လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းခန့်ကိုသာ ထောက်ပံ့ပေးနိုင် ကြောင်း လက်ဘနွန်နိုင်ငံအရှေ့ပိုင်းရှိ ဂျုံစိုက်ပျိုးသူများ အသင်း၏ အကြီးအကဲ ဖြစ်သူ အတဲလက် ဇီအီတာက ပြောကြားသည်။
ဂျုံတစ်လစာသာ ဖူလုံမှုရှိ
လက်ဘနွန်နိုင်ငံသို့ ဂျုံအဓိက တင်သွင်းနေသည့် လမ်းကြောင်းပေါ်ရှိ အိမ်နီးချင်းနိုင်ငံများအကြား စစ်ရေး ပဋိပက္ခများ ဖြစ်ပွားနေမှုကြောင့် ဂျုံ တင်သွင်းနိုင်မှု မရှိခဲ့သဖြင့် ပြတ်လပ် တော့မည့် အခြေအနေသို့ ဆိုက်ရောက် နေခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အာမင် ဆလန်က ပြောသည်။ အဆိုးဆုံးမှာ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လက ဘေရွတ် ဆိပ်ကမ်း၌ ပေါက်ကွဲမှုကြောင့် ခြောက်လစာ သိုလှောင်ထားသည့် ဂျုံ သိုလှောင်ရုံများ ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် လက်ရှိ လက်ဘနွန်နိုင်ငံတစ်ဝန်း ဂျုံ သိုလှောင်ထားမှုမှာ တစ်လစာအတွက် သာ ဖူလုံမှုရှိတော့မည်ဖြစ်သည်။
လက်ဘနွန်အစိုးရက ကူညီပေးရန်စီစဉ်
ထို့ကြောင့် လက်ဘနွန်အစိုးရက ဂျုံစိုက်ပျိုးထုတ်လုပ်မှုကို ထောက်ပံ့ ကူညီပေးရန် စီစဉ်နေပြီး ၂၀၂၁ ခုနှစ်က ဂျုံချောနှင့် ဂျူံကြမ်းမျိုးစေ့တန်ချိန် ၁၀၀၀ ခန့်ကို လယ်သမားများထံ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးခဲ့ ကြောင်း လက်ဘနွန် စိုက်ပျိုးရေး သုတေသနဌာန ညွှန်ကြားရေးမှူးချုပ် မီရှယ်အာဖမ်က ပြောသည်။
ဂျုံချောနှင့် ဂျုံကြမ်းမျိုးစေ့များ ဖြန့်ဖြူးပေးနိုင်
၂၀၂၅ ခုနှစ်တွင် လက်ဘနွန်နိုင်ငံ အတွက် လိုအပ်ချက်သည် ဂျုံတန်ချိန် ၂၅၀၀၀၀ ရရှိရန်အတွက် လက်ဘနွန် နိုင်ငံမြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် စိုက်ပျိုးထုတ်လုပ် နိုင်ရေး ဂျုံချောနှင့် ဂျုံကြမ်းမျိုးစေ့များ ဖြန့်ဖြူးပေးနိုင်မည့် အစီအစဉ် ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေး သုတေသနဌာနက စိုက်ပျိုးရေးဝန်ကြီး ဌာနသို့ တင်ပြထားသည်။
ဂျုံစိုက်ပျိုးသည့်တောင်သူ
၅၅၀၀ ခန့်ရှိ
လက်ဘနွန်နိုင်ငံတွင် ဂျုံစိုက်ပျိုး သည့် တောင်သူ ၅၅၀၀ ခန့်ရှိရာ လာမည့် နှစ်များတွင် ဂျုံနှင့် မုယောစပါးကို စိုက်ပျိုးနိုင်သည့် မြေဧရိယာ တစ်သန်း ရှိသဖြင့် လယ်သမားများအား ပံ့ပိုးကူညီ ခြင်းနှင့် မျိုးစေ့နှင့် ပိုးသတ်ဆေးများ အတွက် အကူအညီပေးခြင်းတို့ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လက်ဘနွန် စိုက်ပျိုးရေးဝန်ကြီးက ပြောသည်။ ။
ကိုးကား-ဆင်ဟွာ