ရန်ကုန်တိုင်းဒေသကြီး၌ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးက တည်ဆောက်ပေးခဲ့သော ဝန်ထမ်းအိမ်ရာနှင့် ပြည်သူ့အတွက် အငှား၊ အရောင်းအိမ်ရာများ(၁)

Type

 

ခရမ်းစိုးမြင့်
 

ရန်ကုန်တိုင်းဒေသကြီးသည်  ၃၉၆၇ ဒသမ ၈၆ စတုရန်းမိုင်ကျယ်ဝန်း၍ တိုင်းဒေသကြီးအတွင်းရှိလူဦးရေမှာ ၇ ဒသမ ၈ သန်းကျော် ရှိသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန  တိုင်းညွှန်ကြားရေးမှူးရုံးကို ရန်ကုန်မြို့၌ ၂၀၁၅ ခုနှစ် မေ ၄ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်ဖြစ်သော ဝန်ထမ်းအိမ်ရာများ၊ ပြည်သူများအတွက် တန်ဖိုးနည်း/တန်ဖိုးသင့် အရောင်းအိမ်ရာများ၊ ပြည်သူ့အငှားအိမ်ရာ များကို တည်ဆောက်ပေးလျက်ရှိသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း  တာဝန်ထမ်း ဆောင်လျက်ရှိသော  နိုင်ငံ့ဝန်ထမ်းများ   နေရေး အတွက် နိုင်ငံ့ဝန်ထမ်းအိမ်ရာကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် မြနန္ဒာလမ်းတွင် ရှစ်ခန်းတွဲ ငါးထပ် ၁၄ လုံး(အခန်းပေါင်း ၄၇၆ ခန်း)ကို တည်ဆောက်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင် လျက်ရှိသော ဌာန ၅၆ ခုမှ ဝန်ထမ်းများကို အိမ်ခန်း များ   ငှားရမ်း၍    နေရာချထားပေးနိုင်ခဲ့သည်။ စီမံကိန်းကာလအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိဖြစ်ပြီး စီမံကိန်းတန်ဖိုး ကျပ် ၁၀ ဒသမ ၂ ဘီလီယံခန့်ကို နိုင်ငံတော်က ခွင့်ပြုသုံးစွဲခဲ့ခြင်းဖြစ်သည်။

 


ပြည်သူ့အငှားအိမ်ရာများ 
မဟာဗန္ဓုလအငှားအိမ်ရာ


မဟာဗန္ဓုလအငှားအိမ်ရာသည်   ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်  အမှတ်(၂)   လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းထောင့်တွင်      တည်ရှိသည်။ မဟာဗန္ဓုလအငှားအိမ်ရာတွင် ရှစ်ခန်းတွဲ ငါးထပ် အဆောက်အအုံ အလုံး ၅၀ (အခန်းပေါင်း ၁၂၀၀)ကို စီမံကိန်းကာလအနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင်  ပြည်ထောင်စုအစိုးရမှ   တိုက်ရိုက်ခွဲဝေ ချထားသော ရန်ပုံငွေကျပ် ၂၀ ဘီလီယံဖြင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရက ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး အခန်းများကို နေရာချထားပေးနိုင်ခဲ့ကာ အိမ်ရာ စီမံခန့်ခွဲကြီးကြပ်မှုကို မြို့ပြနှင့်  အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့သည်။

 


ဒဂုံမြို့သစ်(တောင်ပိုင်း) 
ပြည်သူ့အငှားအိမ်ရာစီမံကိန်း


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြေ  ၁၇၁ ဧကပေါ်တွင် ပထမအဆင့်အနေ ဖြင့် အဆောက်အအုံ ၁၉၄ လုံး(အခန်းပေါင်း ၃၁၀၄ ခန်း)တည်ဆောက်လျက်ရှိပြီး ကိုဗစ်-၁၉ ကာလနှင့် ဆောက်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုခေါင်းစဉ် ဖြင့် ယခင်အစိုးရနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ    ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းတို့  ၃-၇-၂၀၂၀ ရက်က   ဆွေးနွေးမှုအပြီး ဆောက်လုပ်ရေးကဏ္ဍမှတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် အိမ်လခ ဈေးနှုန်းကြီးမြင့်မှု  ခံစားနေရပြီး  အိမ်ရာဝယ်ယူ နိုင်စွမ်းမရှိသော ပြည်သူများ၏ နေရေးအခက်အခဲကို ဖြေရှင်းပေးနိုင်ရန် ပြည်သူ့အငှားအိမ်ရာအိမ်ခန်း ၁၀၀၀၀ ကို ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။ စီမံကိန်းရန်ပုံငွေရရှိမှုအရ   ပထမအဆင့် အနေဖြင့် အဆောက်အအုံ ၁၉၄ လုံး(အခန်း ၃၁၀၄ ခန်း) ကို   မြန်မာနိုင်ငံ  ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF)နှင့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်(MLCA)တို့က တာဝန်ယူတည်ဆောက်လျက်ရှိသည်။

 


တန်ဖိုးသင့်/တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ 
ကျန်စစ်မင်းအိမ်ရာ


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ  မြို့နယ်ရုံးပေါင်းစုံ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်တရားရုံး၊ မြို့နယ်ခန်းမ၊ ပြည်သူ့ ဆေးရုံ၊ ထီးလှိုင်ရှင်အိမ်ရာတို့ ပါဝင်နေသော မြေ ဧရိယာဧက ၅၀ ပေါ်တွင် တိုက် ၇၃ လုံး (အိမ်ခန်း ပေါင်း ၂၃၇၂  ခန်း) ပါဝင်သော  တန်ဖိုးနည်းအိမ်ရာ (Low Cost Housing)ကို ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း(၁)ဟု သတ်မှတ်ထားသည်။ ဧရိယာ ၂၇ ဧကပေါ်တွင် တိုက် ၆၆ လုံး(အိမ်ခန်းအကျယ် ၆၃၂  ခန်း)ပါဝင်သော တန်ဖိုးသင့်အိမ်ရာ(Medium Cost Housing)ကို ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း(၂)ဟု သတ်မှတ်ထားသည်။ ကျန်စစ်မင်း တန်ဖိုးနည်း/တန်ဖိုးသင့်အိမ်ရာ   စီမံကိန်းသည်   နိုင်ငံတော် အစိုးရ၏   တန်ဖိုးနည်းအိမ်ရာများကို   အားပေး သည့် မူဝါဒအရ  တည်ဆောက်မှုကုန်ကျစရိတ်များ ကို ပြည်ထောင်စုဘတ်ဂျက်မှ   ခွင့်ပြုထောက်ပံ့ပေး သဖြင့် အိမ်ခန်းများကို ဈေးနှုန်းသက်သာပြီး အခြေခံ လိုအပ်ချက်များ ပြည့်စုံအောင် ဆောင်ရွက်ပေးထား နိုင်ခဲ့သည်။

 


ကျန်စစ်မင်းအိမ်ရာ အပိုင်း(၁)ကို ၂၀၁၄ ခုနှစ် တွင် စတင်တည်ဆောက်ခဲ့ရာ  ၂၀၁၇   ခုနှစ်တွင် ဆောက်လုပ်ပြီးစီးပြီး ၂၀၁၈ တွင် CHID ဘဏ်ချေး ငွေဖြင့် စတင်ရောင်းချသည်။ အပိုင်း(၂)ကို ၂၀၁၇ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး တည်ဆောက် ပြီးစီးသည့်အခန်းများကို အများပြည်သူထံသို့ စတင် ရောင်းချပေးခဲ့သည်။

 


ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာစီမံကိန်း


ဝင်ငွေနည်းပြည်သူများ တိုက်ခန်းဝယ်ယူနေထိုင်နိုင်စေရန်၊ တိုက်ခန်းဈေးနှုန်းသက်သာမှုရှိစေရန် ၂၀၁၃ ခုနှစ်က ရှေ့ပြေးစီမံကိန်းအဖြစ် အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ၄၆၈ စတုရန်းပေ ကျယ်ဝန်းသော အိမ်ခန်းတစ်ခန်းလျှင် မြေညီထပ် ကျပ်သိန်း ၁၂၀၊ ပထမထပ် ၁၁၂ သိန်း၊ ဒုတိယထပ် ၁၀၆ သိန်း၊ တတိယထပ် ၉၈ သိန်းဖြင့် ရောင်းချပေး နိုင်ခဲ့သည်။

 


ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်း အပိုင်း (၁)တွင် ခြောက်ခန်းတွဲ လေးထပ်တိုက် ၃၂ လုံး (အိမ်ခန်းပေါင်း ၇၆၈ ခန်း) ပါဝင်သည်။ ထူးခြား ချက်မှာ တိုက် ၂၄ လုံးသည် Steel Structure ဖြင့် ဆောက်လုပ်ထားသော ခြောက်ခန်းတွဲ လေးထပ် တိုက်များဖြစ်ပြီး ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအပိုင်း(၂) တွင် ရှစ်ခန်းတွဲ လေးထပ်တိုက် ၁၆ လုံး (အိမ်ခန်းပေါင်း ၄၉၆ ခန်း) ပါဝင်သည်။

 


ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာစီမံကိန်း အပိုင်း (၃)တွင် ခြောက်ခန်းတွဲ လေးထပ်တိုက်  ၂၁ လုံး (အိမ်ခန်းပေါင်း ၅၀၄ ခန်း) ပါဝင်သည်။ ကော်မတီ များကို အိမ်ရာအပိုင်း(၁)၊ (၂)၊ (၃) တို့တွင် ဖွဲ့စည်း တာဝန်ပေးထားပြီး အိမ်ရာများကို ခြံစည်းရိုးကာရံ၍ Gated Housing  ပုံစံ   ဆောင်ရွက်ပေးထားသည်။ ဓမ္မာရုံအဆောက်အအုံတစ်ခုကို      ခြံဝင်းနှင့်တကွ တည်ဆောက်ပေးထားပြီး ကွန်မြူနတီစင်တာအဖြစ် လည်း အသုံးပြုလျက်ရှိသည်။

 


ယုဇနတန်ဖိုးနည်းအိမ်ရာစီမံကိန်း


ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ယုဇနဥယျာဉ်မြို့တော်အိမ်ရာ စီမံကိန်းဝင်း အတွင်း ယခင် ၁၉၉၈-၂၀၀၈ ခုနှစ်က တည်ဆောက် ခဲ့သော ယုဇနကုမ္ပဏီ၏ တန်ဖိုးနည်းအိမ်ရာ တိုက် အလုံး ၇၅ဝ (အိမ်ခန်းပေါင်း ၁၁၅၄ဝ) နှင့် ယှဉ်တွဲ လျက် ၂၀၁၅ ခုနှစ်တွင်  ယုဇနတန်ဖိုးနည်းအိမ်ရာ စီမံကိန်း အပိုင်း(၁)၊ အပိုင်း(၂)၊ အပိုင်း(၃) တို့ကို ထပ်မံတည်ဆောက်ခြင်းဖြစ်သည်။

 


အသစ်ဆောက်လုပ်သည့် ယုဇနတန်ဖိုးနည်း အိမ်ရာများမှာ ခြောက်ခန်းတွဲ လေးထပ်၊ ရှစ်ခန်းတွဲ လေးထပ်နှင့် ၁၂ ခန်းတွဲ လေးထပ် ပုံစံများဖြစ်သည်။ ယုဇနအပိုင်း(၁)တွင် တိုက်ခန်း ၈၆၄ ခန်း၊ ယုဇန အပိုင်း (၂)တွင် တိုက်ခန်း ၁၁၅၂ ခန်း၊ ယုဇနအပိုင်း (၃) တွင် တိုက်ခန်း ၁၄၅၆ ခန်းပါဝင်ပြီး လူကြိုက်များ ပြီး ဝယ်လိုအားများနေသောကြောင့် ယုဇနအပိုင်း(၄) အဖြစ် တိုက်ခန်း ၆၄ ခန်း ထပ်မံဆောက်လုပ်ရန် စီစဉ်ထားသည်။

 


ယုဇနတန်ဖိုးနည်းအိမ်ရာ   စီမံကိန်းအတွက် လိုအပ်သော   Social   Infrastructure   များကို ပြည်ထောင်စုဘတ်ဂျက်မှ  ထောက်ပံ့ပေးခဲ့သဖြင့် အိမ်ခန်းများကို  ဈေးနှုန်းသက်သာပြီး   နေထိုင်မှု ပတ်ဝန်းကျင်ကောင်းမွန်အောင် ဖန်တီးတည်ဆောက် ပေးနိုင်ခဲ့ပါသည်။ သယ်ယူပို့ဆောင်ရေးအတွက် YBS  ဘတ်စ်ကားလမ်းကြောင်းများ  နေရာချပေး ထားသည်။  ဝယ်ယူစားသုံးနိုင်ရန်    စီးတီးမတ်၊ Hawker Center ၊ မြသီတာပန်းခြံ၊ စားသောက်ဆိုင် များနှင့်    ယုဇနဈေးတို့ကို  နေရာချထားပေးပြီး ခုတင်    (၅၀၀)     ပြည်သူ့ဆေးရုံကြီးကိုလည်း တည်ဆောက်လျက်ရှိသည်။