ရန်ကုန်တိုင်းဒေသကြီး သစ်တောဖုံးလွှမ်းမှုတိုးတက်စေရေး အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် လှော်ကားရှိ စွန့်ပစ်ပစ္စည်းစက်ရုံ လျှပ်စစ်ပမာဏ အမြင့်ဆုံး ၇၆၀ ကီလိုဝပ် ထုတ်လုပ်နိုင်

 

နေပြည်တော်   ဇွန်   ၁၁  


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းက       ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်    လှိုင်ရိုးမ   တောင်ပေါ်ကြိုးဝိုင်း အကွက်အမှတ် (၈) ရှိ    ၂၀၂၀ ပြည့်နှစ်  ဂေဟစနစ် ဖြည့်တင်းရေးသစ်မျိုးစုံစိုက်ခင်း ဧက ၅၀သို့ ရောက်ရှိ ပြီး ရန်ကုန်တိုင်းဒေသကြီး၏ သစ်တောအတန်းအစား အလိုက်    သစ်တောဖုံးလွှမ်းမှု   တိုးတက်စေရေး၊ ကြိုးဝိုင်း၊   ဒီရေတောကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ   တိုးချဲ့ဖွဲ့စည်း ရေး၊  သစ်တောစိုက်ခင်း၊  ဒီရေတောစိုက်ခင်းနှင့် လမ်းဘေးဝဲယာ တစ်အုပ်      တစ်မစိုက်ခင်းများ တည်ထောင်ရေး၊ သဘာဝတောနှင့် ဇီဝမျိုးစုံမျိုးကွဲ များ   ထိန်းသိမ်းကာကွယ်ရေးတို့ကို  အရှိန်အဟုန် ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။ 

 


ထို့နောက်   ကျွန်း၊  ပျဉ်းကတိုး၊  မဟော်ဂနီ၊ သင်္ကန်းအပါအဝင်   အကြီးမြန်သစ်မျိုး  ၅၀ ဖြင့် စိုက်ပျိုးထားသော သစ်မျိုးစုံစိုက်ခင်း၏ အောင်မြင် ဖြစ်ထွန်းနေမှုကို     လှည့်လည်ကြည့်ရှု    စစ်ဆေးသည်။

 


ထိထိရောက်ရောက် သင်ကြား


ဆက်လက်၍    ပြည်ထောင်စုဝန်ကြီးသည် မှော်ဘီမြို့နယ်ရှိ အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးကျောင်းသို့ ရောက်ရှိပြီး  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရေးအတွက်   လိုအပ်သော   သင်ကြားမှုများကို ထိထိရောက်ရောက် သင်ကြားပေးနိုင်ရေး မှာကြား ပြီး သင်တန်းကျောင်းပြခန်း၊ ဓာတ်ခွဲခန်းများ၊ စာသင် ခန်းများ၊ အားကစားခန်းမ၊ သင်တန်းသားအိပ်ဆောင် နှင့်  စုဝေးခန်းမတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး သည်။ ယင်းနောက် ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်းရှိ    သစ်ခွတစ်သျှူး မွေးမြူခြင်း ဓာတ်ခွဲခန်းနှင့် ကျွန်းတစ်သျှူးမွေးမြူခြင်း ဓာတ်ခွဲခန်းများသို့  သွားရောက်၍ Tissue Culture နည်းဖြင့် မျိုးပွားဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 


မွန်းလွဲပိုင်းတွင်     ပြည်ထောင်စုဝန်ကြီးသည် ရွှေပြည်သာမြို့နယ် လှော်ကားရှိ စွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်လျက်ရှိသည့် စက်ရုံကို သွားရောက်၍  စက်ရုံအတွင်း လုပ်ငန်းလည်ပတ်မှု တို့ကို လှည့်လည်ကြည့်ရှုသည်။ အဆိုပါစက်ရုံသည် တစ်ရက်လျှင်    စွန့်ပစ်အမှိုက်  တန်  ၆၀   မီးရှို့ လောင်ကျွမ်းခြင်းဖြင့်   လျှပ်စစ်ပမာဏ  အမြင့်ဆုံး ၇၆၀ ကီလိုဝပ် ထုတ်လုပ်နိုင်ပြီး ယင်းအနက်မှ ၄၀၀ ကီလိုဝပ်ကို  စက်ရုံလည်ပတ်ရေးအတွက် ပြန်လည် အသုံးပြု၍ တစ်ရက်ပျမ်းမျှ ၃၀၀ ကီလိုဝပ် ဖြန့်ဖြူး ပေးနိုင်ကြောင်း သိရသည်။      

         

သတင်းစဉ်