
ရန်ကုန် ဇွန် ၁၀
ပြည်တွင်းစားသုံးမှုအတွက် အရေးပါသော မိုးစပါးကို နှစ်စဉ်ဧက ၁၅ သန်း စိုက်ပျိုးလျက်ရှိရာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် မြို့နယ် ၁၀ မြို့နယ်မှ တောင်သူတို့အတွက် ဓာတ်မြေဩဇာများကို ဈေးနှုန်း သက်သာစွာ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
နိုင်ငံအတွင်း နွေစပါးကို နှစ်စဉ်ဧက နှစ်သန်းနှင့် မိုးစပါးကို နှစ်စဉ်ဧက ၁၅ သန်း စိုက်ပျိုးလျက်ရှိရာ မိုးစပါး စိုက်ပျိုးမှုမှာ အရေးပါသောကြောင့် သွင်းအားစုဖြစ်သော ဓာတ်မြေဩဇာကို အပြည့်အဝ အသုံးပြုနိုင်ရန် နိုင်ငံတော်အစိုးရမှ ဓာတ်မြေဩဇာ တင်သွင်းရောင်းချဖြန့်ဖြူးရေး ဦးဆောင်ကော်မတီ ဖွဲ့စည်း၍ တောင်သူတို့ဓာတ် မြေဩဇာ အခက်အခဲ မရှိစေရန် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံအတွင်းသို့ ဓာတ်မြေဩဇာ တင်သွင်းမှု အခက်အခဲကိုကျော်လွှားနိုင်ရန် ပုဂ္ဂလိကကုမ္ပဏီ များယှဉ်ပြိုင်မှုထက် ပူးပေါင်းဆောင်ရွက်မှုဖြင့် အစုအဖွဲ့ဖွဲ့၍ လည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှလည်းကောင်း သက်သာသောဈေးနှုန်း ဖြင့် ရောင်းချပေးနိုင်ရေးဆောင်ရွက်လျက်ရှိပြီး မိုးစပါးအတွက် လိုအပ်သော ဓာတ်မြေဩဇာတို့ကို အရှေ့အလယ်ပိုင်းဒေသနှင့် အာဆီယံနိုင်ငံများမှ တင်သွင်းလျက်ရှိကြောင်း သိရသည်။
ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်
“မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အနေနဲ့ မိုးစပါးရာသီအတွက် ဓာတ်မြေဩဇာ တင်သွင်းမှု ကို အချိန်ကိုက် ဆောင်ရွက်ထားတာရှိပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ကူညီအားပေးမှု၊ သမဝါယမနဲ့ ကျေးလက်ဦးစီးဌာနကကူညီမှုနဲ့ ဓာတ်မြေဩဇာ တင်သွင်းပြီး တောင် သူတွေကို သက်သာတဲ့ဈေးနှုန်းနဲ့ ဓာတ်ဩဇာ တစ်အိတ်ကိုငွေကျပ် ၈၅၀၀၀နဲ့ ရောင်းချ ပေးနေပါတယ်။
အပြင်ဈေးနှုန်းထက် ၅ ရာခိုင်နှုန်း ကျော်သက်သာပြီး အရည်အသွေးလည်းကောင်း မွန်တာကြောင့် မိုးစပါးစိုက်တောင်သူတွေ အရှိန် မပြတ် ဆက်လက်စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။ “ဓာတ်မြေဩဇာ အခက်အခဲရှိမယ်ဆိုရင် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံးခွဲတွေ၊ မြို့နယ်သမဝါယမ ဦးစီးဌာနများနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကို ချိတ်ဆက်ပြီး ဈေးနှုန်းသက်သာစွာ ဝယ်ယူအသုံးပြု နိုင်ပါတယ်”ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
ဖြန့်ဖြူးရောင်းချပေး
တောင်သူများအနေဖြင့် ပြီးခဲ့သော နွေးစပါး တင်း ၁၀၀ လျှင် ငွေကျပ် ခုနစ်သိန်းမှ ရှစ်သိန်း အထိဈေးရခဲ့ပြီး မိုးစပါးကို ပိုမိုစိုက်ပျိုးရန် စိတ်ထက် သန်ကာ အထွက်နှုန်းကောင်း၍ ဝင်ငွေပိုမိုရရှိရန် မျှော်လင့်ထားကြသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်မှ လယ်ယာကုန်ထုတ် သမအသင်းဝင် တောင်သူ များ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စိုက်ပျိုး ရေးချေးငွေ အကျေပေးသွင်းထားသူများ၊ ဆန်စပါး အသင်းချုပ်နှင့် အသင်းဝင်ကုမ္ပဏီများနှင့် အကျိုးတူ လယ်ယာစနစ် ဆောင်ရွက်သော တောင်သူများအား ဓာတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချပေး လျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်၊ မြောင်းမြ၊ မအူပင်တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ပေါင်းတည်၊ သဲကုန်း၊ မင်းလှတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် တွံတေး၊ ဒလ၊ တိုက်ကြီး တွင်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ တွင်လည်းကောင်း ဓာတ်မြေဩဇာကို ဈေးနှုန်း တစ်သမတ်တည်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိ ပြီး မိုးစပါးစိုက်ပျိုးရာတွင် မရှိမဖြစ်လိုအပ်သော ဓာတ်မြေဩဇာများကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် တောင်သူများ သက်သာ သော ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက် ထားရှိကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)