
ဗီယင်နာ ဇွန် ၈
သြစတြီးယားအပိုင် အယ်လ်ပိုင်း တောင်တက်ခရီး လမ်းကြောင်း တွင် ပိတ်မိနေပြီးနောက် ဂျာမန် ကျောင်းသား ကျောင်းသူ များနှင့် ဆရာ ဆရာမများ အပါအဝင် လူပေါင်း ၁၀၀ ကျော် ကို ကယ်တင်ခဲ့ရကြောင်းနှင့် အများစုကို လေယာဉ်ဖြင့် အန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့ ကြောင်း နိုင်ငံတကာသတင်း တစ်ရပ်တွင် ဇွန် ၈ ရက်က ဖော်ပြလိုက်သည်။
ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့သည့် တောင်တက် လမ်းကြောင်းသည် တဖြည်းဖြည်း ခက်ခဲလာပြီး မိုးစတင်ရွာ လိုက်သောကြောင့် ကယ်ဆယ် ရေးသမားများသည် ရဟတ်ယာဉ် နှစ်စင်းကို အသုံးပြုပြီး အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြား ကျောင်းသား ကျောင်းသူ ၉၉ ဦးနှင့် ဆရာ ဆရာမ ရှစ်ဦးကို ဇွန် ၇ ရက်က ကယ်တင်ခဲ့ရခြင်းဖြစ်သည်။
ဂျာမန်အနောက်တောင်ပိုင်း မြို့တစ်မြို့ဖြစ်သည့် လုဝစ်ရှာဖန်မှ ကျောင်းသားနှစ်ဦးသည် တောင် တက်လမ်းပေါ်တွင် ခြေချော်ခဲ့ သောကြောင့် ဒဏ်ရာများရရှိခဲ့ပြီး တခြား ကျောင်းသားများသည် လည်း ထိတ်လန့်ကြောက်ရွံ့ ခဲ့ကြောင်း ရဲဘက်ဆိုင်ရာထုတ်ပြန် ကြေညာချက်တွင်ဖော်ပြထားသည်။
ဆရာ ဆရာမများက အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများကို သတိပေး နှိုးဆော်ခဲ့သည်။
ကျောင်းသား လူငယ်တောင် တက်အဖွဲ့သည် အွန်လိုင်းပေါ်တွင် လမ်းကြောင်းအခြေအနေများကို စစ်ဆေးခဲ့ပြီးနောက် သြစတြီး ယား အနောက်ပိုင်း ဗိုရယ်ဘာ့ဂျ် ပြည်နယ်ဘက်မှ တက်သော တောင်တက်လမ်းသည် ပိုပြီး အဆင်ပြေလွယ်ကူမည်ဟု ထင်မြင် ယူဆခဲ့သည်။
သို့သော်လည်း ၎င်းတို့ တက်သော တောင်တက်လမ်း သည် သိသိသာသာ ခက်ခဲမှုများ နှင့် ရင်ဆိုင်ခဲ့ရသည်။
အေအက်ဖ်ပီ