၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ တည်နေရာ Point များ ကောက်ယူခြင်းသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်    ဇွန်     ၈


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း   အောင်မြင်စွာဆောင်ရွက် နိုင်ရေးအတွက် Geographic Information Syatem (GIS) နည်းပညာအသုံးပြု၍   မြေပုံရေးဆွဲပြုစုခြင်း နှင့်    စာရင်းကောက်ကွက်များ    ဖွဲ့စည်းခြင်းလုပ်ငန်း ၏   ရပ်ကွက်/ ကျေးရွာ  တည်နေရာ  Point  များ ကောက်ယူခြင်းသင်တန်းအမှတ်စဉ်  (၁/၂၀၂၂) ဖွင့်ပွဲ ကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 


အစီအစဉ်အရ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မိမိတို့ဝန်ကြီး ဌာနအနေဖြင့်  ၂၀၁၄  ခုနှစ်တွင်   ပြည်လုံးကျွတ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူခဲ့ရာ    ၂၀၂၄   ခုနှစ်တွင် နောက်တစ်ကြိမ်  သန်းခေါင်စာရင်းကောက်ယူရန် အလှည့်ကျရောက်ပြီဖြစ်ကြောင်း၊  ယင်းလုပ်ငန်း စဉ်အား    နိုင်ငံတော်အဆင့်      ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့် ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်း၊      စာရင်းကောက်ယူခြင်း လုပ်ငန်း၊ စာရင်းဇယားပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ် လေ့လာခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းလုပ်ငန်း စသည့်လုပ်ငန်းစဉ်  (၄)  ရပ်ဖြင့်   လုပ်ငန်းစီမံချက် ရေးဆွဲကာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ စတင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု နိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း    ပြီးစီးနိုင်သမျှသော လုပ်ငန်းများကို  လျာထားဆောင်ရွက်မည်ဖြစ်ရာ ကြိုတင်ပြင်ဆင်လုပ်ငန်းအဆင့်(၈) ဆင့်အနက် (က) အခြေခံ ဒေသစာရင်းပြုစုခြင်း၊ (ခ) သန်းခေါင်စာရင်း လုပ်ငန်း အသေးစိတ်စီမံချက် (Project Document) ရေးဆွဲခြင်း၊  (ဂ)   သန်းခေါင်စာရင်းကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းခြင်း၊   (ဃ)   GIS နည်းပညာအသုံးပြု၍  မြေပုံရေးဆွဲပြုစုခြင်း၊ စာရင်း ကောက်ကွက်များဖွဲ့စည်းခြင်း၊ (င) မေးခွန်းပုံစံနှင့် လက်စွဲစာစောင်များ   ပြုစုခြင်း၊    သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့်စနစ် တည်ဆောက် ခြင်း၊  လိုအပ်သော   စက်ပစ္စည်းကိရိယာများနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူတပ်ဆင်ခြင်း   စသည့် အဆင့် (၅) ဆင့်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

 


ယခုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း၏ မြေပုံရေးဆွဲ ခြင်းနှင့် စာရင်းကောက်ကွက်ဖွဲ့စည်းခြင်းလုပ်ငန်းတွင် ပထမခြေလှမ်းဖြစ်သည့်  ရပ်ကွက်/ကျေးရွာ တည်နေရာ Point များ ကောက်ယူခြင်းနှင့်ပတ်သက်၍ ရှိပြီးသည့် တည်နေရာ Point များအား အတည်ပြု ရန်နှင့် မရရှိသေးသည့် တည်နေရာ Point နှစ်သောင်း ကျော်ကို ရယူရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရပ်ကွက်/ ကျေးရွာတည်နေရာ  Point   များအား Tablet များဖြင့် ရယူနိုင်ရေးအတွက် ပထမဦးစွာ ပြည်ထောင်စုနယ်မြေ နေပြည်တော်နယ်မြေအတွင်း ရှိ မြို့နယ်ဦးစီးမှူးများနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ ဝန်ထမ်းများ သင်တန်းအမှတ်စဉ် (၁) ဖြင့် စာတွေ့ပို့ချ ခြင်းနှင့် လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းတို့ကို တစ်ပြိုင်တည်း    စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ထို့နောက်   တိုင်းဒေသကြီး/ ပြည်နယ် အလိုက် သင်တန်း (၃) ကြိမ် ဖွင့်လှစ်ပြီး ရပ်ကွက်/ကျေးရွာ တည်နေရာ Point များရယူခြင်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  သင်တန်းသားများအနေဖြင့် သင်တန်း မှ  သင်ကြားပို့ချသည့်  သင်ခန်းစာများကို   သေချာ လေ့လာမှတ်သားကာ  ကွင်းဆင်းဆောင်ရွက် ရာတွင်  အပြည့်အဝအသုံးချပြီး  သန်းခေါင်စာရင်းလုပ်ငန်းကို   အောင်မြင်စွာ   အကောင်အထည်ဖော်ဆောင်ရွက်ကြ ရန်   လိုကြောင်း၊   ထို့ပြင်   ယခု သင်တန်းပြီးဆုံးချိန် တွင်   မြို့နယ်အလိုက်   ဆင့်ပွားသင်တန်းများ   ပြန်လည်ပြုလုပ်ပေးရန်     လိုအပ်ပြီး     ကွင်းဆင်း ကောက်ယူခြင်းလုပ်ငန်းများကို     ဆက်လက် ဆောင်ရွက်မှသာ    Point     ကောက်ယူခြင်း လုပ်ငန်းသည်     အချိန်မီပြီးစီးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ     ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 


အဆိုပါသင်တန်းသို့     ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ   မြို့နယ်ဦးစီးမှူးများနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း အင်အား  ၂၆ ဦး တက်ရောက်ကြပြီး စာတွေ့ပို့ချခြင်း နှင့်      လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းကို လေးရက်ကြာ  သင်တန်းပို့ချသွားမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ထမ်းသင်တန်း သားများကိုလည်း ဆက်လက်ဖွင့်လှစ်ပို့ချဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်