ဈေးကွက်အတွင်း နှစ်သက်ရာရွေးချယ်ဝယ်ယူခြင်းနည်းလမ်းဖြင့် မြန်မာနိုင်ငံသို့ တရုတ်ပို့ကုန်များ ပထမဆုံးအကြိမ်ရောက်ရှိ

 

ရန်ကုန်   ဇွန်   ၂


ဈေးကွက်မှ    ရွေးချယ်ဝယ်ယူခြင်းနည်းလမ်းဖြင့် မှာယူထားသည့်   အိမ်ဆောက်ပစ္စည်းများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချမ်း-ချင်းရွှေဟော် နယ်စပ်ဂိတ်မှတစ်ဆင့် မေ ၂၅ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၉ သိန်း  တန်ဖိုးရှိ    အိမ်ဆောက်ပစ္စည်းများကို ဈေးကွက်မှ    ရွေးချယ်ဝယ်ယူခြင်းနည်းလမ်းဖြင့် ပထမဆုံးအကြိမ် မှာယူတင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 


“စျေးကွက်ကနေ  ရွေးချယ်ဝယ်ယူခြင်းနည်းနဲ့ ကုန်စည်မှာယူခြင်းကုန်သွယ်ရေးနည်းလမ်းဆိုတာ သက်ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ ကုမ္ပဏီအနေနဲ့ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက   သတ်မှတ်ထားတဲ့ စျေးဆိုင်တွေ   ဆုံစည်းတဲ့နေရာကနေ  ဝယ်ယူတဲ့ ကုန်စည်တွေကို ခေါ်တာပါ။ အဲဒီလိုဝယ်ယူတဲ့အခါ တစ်နေရာတည်းမှာပင်   အကောက်ခွန်ရှင်းလင်းခြင်း လုပ်တဲ့ ကုန်စည်တန်ဖိုး  ဒေါ်လာ ၁ ဒသမ ၅ သိန်း အထိ အကျုံးဝင်ပါတယ်။ ဒါ့အပြင်   ဝယ်တဲ့နေရာမှာပဲ အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ ဆောင်ရွက်ချက် တွေအားလုံး   လုပ်ဆောင်ပြီးစီးနိုင်တဲ့    နိုင်ငံခြား တင်ပို့ခြင်း ကုန်သွယ်ရေးနည်းလမ်းတစ်မျိုးဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံသို့တင်ပို့သည့် ယူနန် လင်ရွက် (Ling Yue)ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် မှ တာဝန်ခံ Wu Yejing က ပြောကြားသည်။

 


၂၀၂၀ ပြည့်နှစ်  စက်တင်ဘာလကတည်းက ကူမင်း Junfa Luo si wan အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစျေးကြီးနှင့်     ရွှေလီနိုင်ငံတကာ ကုန်သွယ်ရေးဈေးသည်    တရုတ်နိုင်ငံအမျိုးသား ဈေးကွက်ရွေးချယ်ဝယ်ယူခြင်း   ကုန်သွယ်ရေး ဆောင်ရွက်နိုင်သော    ရှေ့ပြေးစမ်းသပ်ရေးနေရာ အဖြစ် သတ်မှတ်အတည်ပြုထားသည်။

 


“လက်သည်းညှပ်ကအစ   အိမ်ဆောက်ပစ္စည်း အထိ ဝယ်ယူချင်တဲ့အရာကို Junfa Luo si wan အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဈေးကြီးထဲမှာရှိနေ တဲ့    ပြည်ပသို့    တင်ပို့ရောင်းချရေးလိုင်စင်ရှိတဲ့ ဘယ်ကုမ္ပဏီကမဆို ဈေးကွက်ကနေ ရွေးချယ်ဝယ်ယူ ခြင်းနည်းနဲ့ ကုန်ပစ္စည်းဝယ်ယူနိုင်တယ်။ ကျွန်မတို့က  မြန်မာဘက်က ကုန်သည်တွေရဲ့လိုအပ်ချက်စာရင်း အရ Junfa Luo si wan ထဲမှာ ပစ္စည်းရွေးချယ်ဝယ်ယူခဲ့ တယ်။ ကူမင်းစာတိုက် အကောက်ခွန်ရှင်းလင်းရေးရုံး မှာ   အကောက်ခွန်ရှင်းလင်းခဲ့တယ်။   ပြီးတော့ မြန်မာနိုင်ငံကို ပို့ပါတယ်”ဟု တာဝန်ခံက ပြောသည်။

 


လင်ချမ်း- ချင်းရွှေဟော်   နယ်စပ်ဂိတ်သည် အထွေထွေကုန်သွယ်မှု၊   နယ်စပ်ဒေသ   ပြည်သူ ပြည်သားများ အပြန်အလှန်   စျေးရောင်းဝယ်ခြင်း စသည့် သမားရိုးကျ ကုန်သွယ်နည်းများမှတစ်ဆင့် ကုန်စည်များကို    နိုင်ငံခြားသို့   တင်ပို့ခြင်းအပြင် ကုမ္ပဏီမှ ပုဂ္ဂိုလ်တစ်ဦးချင်းဆီသို့ တင်ပို့ရောင်းချခြင်း၊ ကုမ္ပဏီအကြား   တိုက်ရိုက်တင်ပို့ရောင်းချခြင်းနှင့် နိုင်ငံဖြတ်ကျော်  အီးကောမာ့စ်ကုမ္ပဏီများအကြား ပြည်ပသိုလှောင်ခန်းသို့ တင်ပို့ရောင်းချခြင်း စသည့် နိုင်ငံဖြတ်ကျော်   အီးကောမာ့စ်နည်းလမ်းများနှင့်  စျေးကွက်မှ ရွေးချယ်ဝယ်ယူခြင်းစသည့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းကုန်သွယ်ရေးနည်းလမ်းများမှတစ်ဆင့်လည်း    ကုန်စည်များ     တင်ပို့လျက်ရှိကြောင်း သိရသည်။                                                  

သီရိ