
ရန်ကုန် မေ ၃၀
အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ပြီးခဲ့ သည့်ရက်ပိုင်းက ပြုလုပ်ခဲ့ရာ မြန်မာအသင်းသည် ဗီယက်နမ်၊ တီမော၊ ကမ္ဘောဒီးယား၊ လာအိုတို့ နှင့်တစ်အုပ်စုတည်း ကျရောက်ခဲ့ သည်။
ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး ဇူလိုင် ၄ ရက်မှ ၁၇ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲ တွင် အာဆီယံဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင် ၁၁ နိုင်ငံ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲသမိုင်း တစ်လျှောက် ပြိုင်ပွဲဝင်အသင်း
အရေအတွက် အများဆုံးလည်း ဖြစ်ခဲ့သည်။ အုပ်စုမဲခွဲမှုအရ အုပ်စု (က) တွင် ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ သြစတြေးလျ၊ မလေးရှား၊ အုပ်စု (ခ) တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ မြန်မာ၊ တီမော၊ ကမ္ဘောဒီးယားနှင့် လာအိုအသင်းတို့ ပါဝင်နေသည်။ အာဆီယံ အမျိုးသမီးဘောလုံး ပြိုင်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ၂၀၂၀နှင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိဘဲ ယခုနှစ်မှ သာ ပြန်လည်ပြုလုပ်နိုင်ခြင်းဖြစ် သည်။ မြန်မာအသင်းသည် အုပ်စု အနေအထားအရ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရန် အခက်အခဲ မရှိသော်လည်း ဆီမီးဖိုင်နယ်တွင် မူ ထိုင်း၊ သြစတြေးလျ၊ ဖိလစ်ပိုင် တို့အနက် တစ်သင်း သင်းနှင့် တွေ့ဆုံဖွယ်ရှိနေသည်။
မြန်မာအသင်းသည် မေလ တွင် ယှဉ်ပြိုင်ခဲ့သည့် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲအပြီးတွင် လေ့ကျင့် မှုရပ်နားထားပြီး အာဆီယံအမျိုး သမီးပြိုင်ပွဲအတွက် မကြာမီ လေ့ကျင့်ပြင်ဆင် သွားမည်ဖြစ် သည်။
မြန်မာအသင်းသည် ၂၀၀၄ နှင့် ၂၀၀၇ ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့ သော်လည်း ယင်းနောက်ပိုင်းတွင် အောင်မြင်မှုမရဘဲ အမြင့်ဆုံး ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။ အာဆီယံ အမျိုးသမီးပြိုင်ပွဲ ကို ၂၀၀၄ ခုနှစ်တွင် စတင်ကျင်းပ ခဲ့သော်လည်း နှစ်စဉ်မကျင်းပနိုင် သဖြင့် ယခုနှစ်တွင် (၁၂) ကြိမ် မြောက် ကျင်းပခြင်းဖြစ်သည်။
ကျင်းပပြီးစီးခဲ့သည့် (၁၁) ကြိမ်တွင် ထိုင်းအသင်းက လေးကြိမ်၊ ဗီယက်နမ်အသင်းက သုံးကြိမ်၊ မြန်မာအသင်းက နှစ် ကြိမ်၊ ဂျပန်နှင့် သြစတြေးလျတို့က တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။ ယင်းပြိုင်ပွဲတွင် ယခင်ကပြိုင်ပွဲဝင် အသင်းအရေအတွက် နည်းပါး သဖြင့် အရှေ့တောင်အာရှပြင်ပမှ အသင်းများကို ဖိတ်ခေါ်ကာ ယှဉ်ပြိုင်စေခဲ့သည်။ ရဲရင့်လွင်