
အစ္စတန်ဘူလ် မေ ၂၈
တူရကီနိုင်ငံနှင့် ယူအေအီးနိုင်ငံတို့သည် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအားဖြင့် နှစ်နိုင်ငံကြား နယ်ပယ်ကဏ္ဍအစုံတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် မေ ၂၇ ရက်က ကတိပြုခဲ့ကြကြောင်း သိရသည်။
ကုန်သွယ်ရေးမှ ယဉ်ကျေးမှုအထိ၊ ကာကွယ်ရေး စက်မှုလုပ်ငန်းမှ ကျန်းမာရေးနှင့် ခရီးသွားလုပ်ငန်း အထိ နယ်ပယ်စုံကဏ္ဍစုံတွင် နှစ်နိုင်ငံကြား ဆက်ဆံ ရေး တိုးတက်ကောင်းမွန်ရန်အတွက် အဖွဲ့အစည်း အားလုံးနှင့် အတူတကွ လုပ်ဆောင်လျက်ရှိကြောင်း အစ္စတန်ဘူလ်တွင် ယူအေအီးနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ရှိတ် အက်ဒူလာဘင်ဇယက် အယ် နာရန်နှင့် ပြုလုပ် သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် တူရကီနိုင်ငံ ခြားရေးဝန်ကြီး မက်ဗ်လုပ်ကာယူဆော့ဂ်လူက ပြောသည်။
တူရကီနှင့် ယူအေအီးနိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းများကိုလည်း ရှာဖွေနေ ကြောင်း၊ ယခုနှစ်မကုန်မီတွင် နှစ်နိုင်ငံကြား နယ်ပယ်စုံကုန်သွယ်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် သဘောတူခဲ့ကြောင်း အဆိုပါ ဝန်ကြီးက ထပ်လောင်းပြောကြားသည်။
နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် မဝေးတော့ သည့် အနာဂတ်ကာလတွင် နှစ်နိုင်ငံကြား ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံသို့ ရောက်ရှိရန် မျှော်လင့်ကြောင်း အဆိုပါဝန်ကြီး၏ အဆိုအရ သိရသည်။ ယူအေအီးဝန်ကြီးက ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်၏ အရေးပါမှုကို အလေးပေး ပြောကြားခဲ့သည်။
ဆင်ဟွာ