
နယူးဒေလီ မေ ၂၇
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်တွင် ရေကြီး ရေလျှံမှုဖြစ်ပွားပြီးနောက် လူ ၃၀ သေဆုံးမှုနှင့်အတူ ပြည်သူ ငါးသိန်းခန့် ရေဘေးအန္တရာယ် ကြုံတွေ့ခံစားရကြောင်း မေ ၂၇ ရက်တွင် သက်ဆိုင်ရာက ထုတ်ပြန်သည်။
ပြည်နယ်အတွင်း ဖြစ်ပွား နေသည့် ရေကြီးရေလျှံမှုမှာ များစွာဆိုးရွားကြောင်း အာသံ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနက ထုတ်ပြန်လိုက် သည်။ ပြည်နယ်အတွင်းရှိ ခရိုင် ၁၂ ခု သည် ရေကြီးမှုအန္တရာယ်ကို ခံစားရလျက်ရှိသည်။
နာဂွန်ခရိုင်၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးသူနှစ်ယောက် တိုးလာပြီးနောက် သေဆုံးသူ ၃၀ ရှိလာကာ ပြည်နယ်အတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားနေကြောင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ အရာရှိက ပြောကြားသည်။
ယခုလက်ရှိတွင် ပြည်နယ် အတွင်းရှိ ကျေးရွာပေါင်း ၉၅၆ ရွာတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွား နေပြီး ၄၇၁၃၉ ဒသမ ၁၂ ဟက်တာခန့်ရှိ စိုက်ပျိုးဧရိယာ များ ရေဘေးကြောင့် ပျက်စီး ဆုံးရှုံးမှု ဖြစ်ပွားလျက်ရှိသည်။
ဒေသတွင်းရှိ သက်ဆိုင်ရာ ဌာနများက ခရိုင်ခြောက်ခုတွင် ရေဘေးကယ်ဆယ်ရေး စခန်း ၃၆၅ ခု ဖွင့်လှစ်ထားပြီး ကလေး ငယ် ၁၃၉၈၈ ဦး အပါအဝင် လူဦးရေ ၆၆၈၃၆ ဦးမှာ ကယ်ဆယ် ရေးစခန်းများတွင် ခိုလှုံနေရသည်။ အာသံပြည်နယ်တွင် နှစ်စဉ် မုတ်သုံရာသီရောက်တိုင်း ရေကြီး ရေလျှံမှုများ ဖြစ်ပွားလေ့ ရှိသည်။
ဆင်ဟွာ