
နေပြည်တော် မေ ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အတွင်း သမဝါယမလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ခေတ်မီစံပြကျေးရွာ (SMART Village) များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့ မြသီရိရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်၊ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာ တို့သို့ ရောက်ရှိပြီး သမဝါယမအသင်းမှ တာဝန်ရှိသူ များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မုဒုံမြို့ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ဒုတိယဝန်ကြီးက ရက်ကန်းလုပ်ငန်းများ ပိုမိုအောင်မြင်ရေးအတွက် ရိုးရာယဉ်ကျေးမှုကို အခြေခံသည့် နည်းပညာဆန်းသစ်သော ဒီဇိုင်းများ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူအသီးသီးက ထိုးထွင်း ကြံဆ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြား ကာ သင်တန်းသားများ၏ လက်တွေ့ဆောင်ရွက်နေ သည့် ရက်ကန်းလုပ်ငန်းများ၊ ရက်ကန်းထည်များအား ကြည့်ရှုအားပေးကာ သင်တန်းကျောင်းအတွင်း လှည့်လည်စစ်ဆေးသည်။
ယင်းနောက် မော်လမြိုင်မြို့ သမဝါယမ သင်တန်းကျောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးတို့သို့ ရောက်ရှိကာ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ဦးစီးဌာန များမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး တာဝန်ရှိသူများ၏ ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု တင်ပြချက်များအပေါ် လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ် သမဝါယမဦးစီးဌာနမှ ကန်ထရိုက် စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော တောင်စွန်းမျိုးစေ့ထုတ် သမဝါယမအသင်းလီမိတက် ၏ အသင်းသားတောင်သူများသို့ သွင်းအားစု မြေဩဇာများ ဝယ်ယူနိုင်ရေး အရင်းမပျောက် မတည်ငွေများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး အသင်းသားတောင်သူများထံသို့ အရင်းမပျောက် မတည်ငွေများ ပေးအပ်ကာ တောင်စွန်းမျိုးစေ့ထုတ် သမဝါယမအသင်း၏ မျိုးစပါးစိုက်ဧက ၅၀ စိုက်ခင်းကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ချောင်းဆုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသော မုနိုင်းကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်းသူ အသင်းသားများနှင့် တွေ့ဆုံကာ လုပ်ငန်း ဆောင်ရွက်နေမှု တင်ပြချက်များအပေါ် လိုအပ်ချက် များ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရ သည်။
သတင်းစဉ်