
မိမိတို့နိုင်ငံတွင် လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေး သုတေသနပြု ဆောင်ရွက်ရန်လို
နေပြည်တော် မေ ၂၇
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာ သည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ အင်းစိန်မြို့နယ်ရှိ မြန်မာ့ မီးရထား၊ စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့မီးရထား၊ စက်ခေါင်း စက်ရုံ(အင်းစိန်)သို့ ရောက်ရှိကြ ရာ စက်ရုံအစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြား ရေးမှူး သူရဦးအောင်မျိုးမြင့် တို့က စက်ခေါင်းစက်ရုံ (အင်းစိန်) သမိုင်းအကျဉ်း၊ ရည်မှန်းချက်တာဝန်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေ အနေ၊ မီးရထားစက်ခေါင်းများ ထုတ်လုပ်တပ်ဆင် နိုင်မှု၊ ပြုပြင်ထိန်းသိမ်းနိုင်မှု၊ စက်ခေါင်းစွမ်းအား မြှင့်တင်မှု၊ စက်ခေါင်းအရန်ပစ္စည်းများ ထုတ်လုပ်နိုင် မှုအခြေအနေ၊ ရေနွေးငွေ့စက်ခေါင်းများ အကြီးတန်း ပြုပြင်ပြီးစီးမှုနှင့် စမ်းသပ်မောင်းနှင် ပြေးဆွဲနိုင်မှု အခြေအနေ၊ စက်ရုံဝန်ထမ်းများ အရည်အသွေး ပြည့်ဝစေရေးအတွက် သင်တန်းများ တက်ရောက် စေမှု၊ စက်ရုံ အလုပ်ရုံခွဲများအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု၊ မီးဘေးအန္တရာယ် ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန်လို
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရထားပို့ဆောင်ရေးစနစ်သည် တိုင်းပြည်တစ်ခု၏ အဓိကကျသည့် ပို့ဆောင်ရေးစနစ်တစ်ခုပင်ဖြစ် ကြောင်း၊ စက်ခေါင်းများပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြုပြင်ခြင်းလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်မှုကို မှတ်တမ်းဓာတ်ပုံများဖြင့် စနစ်တကျ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ထား ရှိရန်လိုကြောင်း၊ စက်ခေါင်းများ ဝယ်ယူချိန်မှစ၍ အသုံးပြုမှုနှင့်ပြုပြင်ထိန်းသိမ်းမှုများကို စက်ခေါင်း တစ်ခုချင်းအလိုက် သမိုင်းမှတ်တမ်းများ ပြည့်စုံစွာဖြင့် ပြုစုထားရှိရန်လိုကြောင်း၊ စက်ခေါင်းများသည် တန်ဖိုးအားဖြင့် များစွာကြီးမားသည့် ပစ္စည်းများ ဖြစ်သဖြင့် ပြုပြင်ထိန်းသိမ်းခြင်းနှင့် စွမ်းရည်မြှင့်တင် ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်စေရေး ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ ယခုအခါ ခေတ်ကာလ အရ နိုင်ငံတကာတွင် မီးရထားများကို လျှပ်စစ် ဓာတ်အားအသုံးပြု၍ ပြေးဆွဲနေကြသဖြင့် မိမိတို့ နိုင်ငံတွင်လည်း လျှပ်စစ်ရထားများ ပြေးဆွဲ နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေး လိုအပ်သည့် လျှပ်စစ်ဓာတ်အားသုံး စက်ခေါင်းများ ထုတ်လုပ်နိုင်ရေး နိုင်ငံတကာမှ နည်းပညာများကို လေ့လာ၍ ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့်ပစ္စည်းများနှင့် ပြည်ပမှဝယ်ယူရမည့် ပစ္စည်းများကိုပေါင်းစပ်၍ ပထမခြေလှမ်းအနေဖြင့် ဒီဇယ်လျှပ်စစ်သုံး (DEMU) စက်ခေါင်းများ တည်ဆောက်ထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ဒီဇယ် လျှပ်စစ်ရထားစက်ခေါင်းများမှတစ်ဆင့် လျှပ်စစ် ရထား (EMU)အထိ ပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှု များ ဆောင်ရွက်ထားရန်လိုကြောင်း၊ ယခုရန်ကုန် မြို့ပတ်ရထားလမ်းတွင် ဒီဇယ်လျှပ်စစ်သုံး ရထား များ အသုံးပြု၍ မြို့ပတ်ရထားများ ပြေးဆွဲနေပြီး မိမိတို့နိုင်ငံတွင် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေး သုတေသနပြု ဆောင်ရွက်ရန်လိုကြောင်း၊ ထိုမှ တစ်ဆင့် တစ်နိုင်ငံလုံးရှိ အဓိကကျသည့် နေရာများ ကို လျှပ်စစ်ရထား အသုံးပြုပြေးဆွဲနိုင်ရေး အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးရထားစက်ခေါင်းများနှင့် ရထားတွဲများ ကောင်းမွန်ရန်လိုသကဲ့သို့ ရထားလမ်းများ စနစ်တကျဖြင့် ကောင်းမွန်ချောမွေ့မှု ရှိစေရေးကို လည်း အမြဲမပြတ်ဆောင်ရွက်နေရန် လိုကြောင်း၊ တစ်နိုင်ငံလုံး လျှပ်စစ်စက်ခေါင်းများဖြင့် ပြေးဆွဲနိုင် ရေး အဓိကထား ရည်မှန်းဆောင်ရွက်ရမည် ဖြစ်သဖြင့် မီးရထားစက်ခေါင်းစက်ရုံ (အင်းစိန်)အနေ ဖြင့် လျှပ်စစ်စက်ခေါင်းငယ်များမှစ၍ သုတေသနပြု ထုတ်လုပ်ပြီး ယင်းမှတစ်ဆင့် အဆင့်မြှင့်တင်ခြင်းနှင့် လျှပ်စစ်စက်ခေါင်းကြီးများ ထုတ်လုပ်ခြင်းလုပ်ငန်း များကို အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်သွားရန် လိုကြောင်း မှာကြားသည်။
စားသောက်ဖွယ်ရာများပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေး မှူးက လက်ခံရယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် မီးရထားစက်ခေါင်းစက်ရုံအတွင်း မီးရထား စက်ခေါင်းများ ထုတ်လုပ်တပ်ဆင်နေမှု၊ ပြုပြင် ထိန်းသိမ်းနေမှု၊ စက်ခေါင်းစွမ်းအားမြှင့်တင်နေမှု၊ ရေနွေးငွေ့စက်ခေါင်းအား ကျောက်မီးသွေးသုံး စက်ခေါင်းအဖြစ် ပြုပြင်နေမှု၊ မီးရထားစက်ခေါင်း အရန်ပစ္စည်းများ ထုတ်လုပ်ထားရှိမှုအခြေအနေများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့ပတ်ဒီဇယ်စက်ခေါင်းရုံသို့ ရောက်ရှိပြီး ဂျပန်နိုင်ငံမှ ရောက်ရှိလာသည့် DEMU ရထားတွဲဆိုင်း အသစ်များ ကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် အင်းစိန်မီးရထား ဆေးရုံသို့ရောက်ရှိရာ မြန်မာ့ မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် မြန်မာ့ မီးရထားဆေးမှူးချုပ် ဒေါက်တာသန်းမင်းထွဋ်တို့က ဆေးရုံ၌ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အငြိမ်းစား ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို နေ့စဉ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေ၊ ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများ လိုအပ်လျက်ရှိမှုနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများလိုအပ်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်းပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းအတွက် လိုအပ် လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အထောက်အကူပြုပစ္စည်းများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆေးရုံ တက်ရောက် ကုသလျက်ရှိသည့် လူနာများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်