နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်းများ ကျောင်းအပ်စတင်လက်ခံ

 

ကန့်ဘလူ


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ ဖြစ်သော  အထက (၁)၊ အထက  (၂)၊  အထက  (ခွဲ)  ညောင်အိုင်၊ အလက(၅)၊ အလက(၁)၊ အမက(၂)  မူလွန်ကျောင်းနှင့် အမက (၄) ကျောင်းများတွင် မေ ၂၆ ရက်နံနက်မှစ၍ စတင်ကျောင်းအပ်လက်ခံ လျက်ရှိကာ  ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျောင်းအပ်နှံရေး လုပ်ငန်းများ   ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်    အခြေခံပညာ ကျောင်းများကို ဇွန် ၂ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။                    

 အောင်ဝင်းငြိမ်း(ကန့်ဘလူ)

 


သီပေါ


ရှမ်းပြည်နယ်မြောက်ပိုင်း  သီပေါမြို့နယ်အတွင်းရှိ  အခြေခံပညာ ကျောင်းများတွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံ လက်ခံခြင်းကို  ယနေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက်ပေးလျက်ရှိသည်။  ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများအား နိုင်ငံတော်မှ ပံ့ပိုးပေးသော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံစသည်တို့ကို  အခမဲ့ပေးအပ်လျက်ရှိကြောင်း၊ သီပေါမြို့နယ်တွင် စုစုပေါင်း ၂၁၂ ကျောင်း ရှိပြီး  ဇွန် ၂   ရက်မှစတင်ကာ  အခြေခံပညာ ကျောင်းများအားလုံး  ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း    မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။                        

ခင်လေး (ပြန်/ဆက်)

 


စစ်ကိုင်း 


စစ်ကိုင်းမြို့နယ်အတွင်း၌ အခြေခံပညာကျောင်းပေါင်း ၁၄၇  ကျောင်း ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ် လက်ခံနေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
“ယခင်နှစ်ကထက် ကျောင်းတွေပိုဖွင့်နိုင်သလို ကျောင်းသား ကျောင်းသူတွေလည်း  များလာမယ်လို့ထင်ပါတယ်။    ကျောင်းနေ အရွယ်ကလေးအားလုံး    ကျောင်းအပ်နှံရေးအတွက်    ပညာရေး ဝန်ကြီးဌာနက  ၂၀၂၂ ခုနှစ် မေ ၂၆ ရက်မှ  ဇွန်  ၁ ရက်အထိ ကျောင်း အပ်နှံရေး  သီတင်းပတ်အဖြစ် သတ်မှတ်ထားပါတယ်” ဟု မြို့နယ် ပညာမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။           ဇော်မြင့်နိုင်

 


ညောင်လေးပင် 


ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌  ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို မေ ၂၆ ရက်က ညောင်လေးပင်မြို့ အထက (၁) ကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပပြီး စတင်ကျောင်းအပ်လက်ခံလျက်ရှိသည်။

 


ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးကျော်ဘုန်းမောင်က   အမှာစကားပြောကြားသည်။  ထို့နောက်    မြို့နယ်ပညာရေးမှူးနှင့်   တာဝန်ရှိသူများက  မြို့နယ် အတွင်းရှိ  ကျောင်းအသီးသီးအတွက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ ပေးသော   ပုံနှိပ်စာအုပ်၊   ဗလာစာအုပ်၊   ခဲတံ၊ ဘောပင်များကို  ကျောင်းအုပ်ကြီးများထံ ပေးအပ်ခဲ့သည်။  

နေလင်း(ညောင်လေးပင်)