အာဖဂန်နစ္စတန်နိုင်ငံ ပြည်နယ်နှစ်ခုမှ မိသားစု  ၇၀၀၀ ကျော် စားနပ်ရိက္ခာအကူအညီများ လက်ခံရရှိ

 

 

ကဘူးလ်     မေ     ၁၆
မကြာသေးမီရက်များအတွင်း အာဖဂန်နစ္စတန်နိုင်ငံ ပြည်နယ်နှစ်ခုမှ မိသားစု  ၇၀၀၀  ကျော်သည်   စားနပ်ရိက္ခာအကူအညီ    လက်ခံရရှိပြီ ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။ 
ပါဝမ်ပြည်နယ်အရှေ့ပိုင်း ဂျာဘယ်လ်ဆာရိုင်နှင့် ဆာခီ ပါဆာခရိုင်မှ ဆင်းရဲနွမ်းပါးသော မိသားစုများထံသို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နှင့် အာဖဂန်ကျေးလက်ဒေသ   ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး အစားအစာထုပ် ၄၄၀၀ ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အစားအစာထုပ်များတွင် ဂျုံမှုန့်၊ ဟင်းချက်ဆီ၊  ပဲနှင့်   ဆားတို့ပါဝင်ကြောင်း   ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 
အာဖဂန်နစ္စတန်နိုင်ငံ  မြောက်ပိုင်းပြည်နယ်ဖြစ်သည့် ဂျော်ဂျန် ပြည်နယ်မှ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၂၆၄၀ အပြင် မိုးခေါင်မှုဒဏ်ခံခဲ့ရသော မိသားစုများသည်လည်း   စားနပ်ရိက္ခာအကူအညီများ   လက်ခံရရှိခဲ့ ကြောင်း   ပြည်နယ်ဒုက္ခသည်များဆိုင်ရာ   နေရပ်ပြန်ပို့ရေးဌာနမှ အကြီးအကဲဖြစ်သူ အက်ဒူလ် ကေယမ် နာဇာရီက ပြောကြားသည်။ အဆိုပါ  ပြည်နယ်မှ ဆင်းရဲနွမ်းပါးသော မိသားစုများထံသို့  လာမည့် ရက်ပိုင်း  သို့မဟုတ် သီတင်းပတ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ နောက်ထပ်အကူအညီများ   ထပ်မံပေးအပ်သွားမည်    ဖြစ်ကြောင်း သိရသည်။                                      
 ဆင်ဟွာ