ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်းပြီး သီရိလင်္ကာနိုင်ငံ၌ ဆေးလိပ်ငွေ့ကင်းစင်ဇုန်ထူထောင်မည် 


 

ကိုလံဘို    မေ    ၁၆ 
ဆေးရွက်ကြီးနှင့် အရက်ဆိုင်ရာ သီရိလင်္ကာနိုင်ငံ အမျိုးသားအာဏာ ပိုင်အဖွဲ့(နာတာ)က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိတ်ချ်အို)နှင့် ပူးပေါင်းကာ  သီရိလင်္ကာနိုင်ငံ၌ ဆေးလိပ်ငွေ့ကင်းစင်ဇုန်   ၃၆၂ ခု ထူထောင်ရန်   စီစဉ်နေကြောင်း သိရသည်။ ထိုကဲ့သို့စီစဉ်ရခြင်းမှာ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းမှ ပြည်သူများကို ကာကွယ်ပေးရန် ဖြစ်ကြောင်း အဆိုပါလုပ်ငန်းနှင့်သက်ဆိုင်သူ သုတေသနပညာရှင် တစ်ဦးက ကိုလံဘိုရှိ မီဒီယာတစ်ခုသို့ ပြောကြားသည်။ 
တစ်ဆင့်ခံဆေးလိပ်ငွေ့သည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက် စေနိုင်ကြောင်း၊    ဆေးလိပ်မသောက်သုံးသော    လူကြီးများနှင့် ကလေးများတွင် သေဆုံးခြင်းနှင့် ရောဂါရခြင်းတို့ ဖြစ်ပွားစေနိုင် ကြောင်း   အဆိုပါအာဏာပိုင်အဖွဲ့မှ    ဥက္ကဋ္ဌဖြစ်သူ  ဆာမတ်ဟီ ရာဂျာပတ်ဆာက ပြောကြားသည်။
ထို့အပြင် ကလေးငယ်ထက်ဝက်ခန့်သည် အများပြည်သူဆိုင်ရာ နေရာများတွင် တစ်ဆင့်ခံဆေးလိပ်ငွေ့ကို  ပုံမှန်ရှူရှိုက်နေရကြောင်း၊ ထို့ကြောင့် အိမ်များ၊ လုပ်ငန်းခွင်နေရာများနှင့် အများပြည်သူဆိုင်ရာ နေရာများတွင်     ဆေးလိပ်သောက်သုံးခြင်းမှ     ရှောင်ကြဉ်ရန် လိုအပ်ကြောင်း ရာဂျာပတ်ဆာက  ပြောကြားသည်။ 
သီရိလင်္ကာနိုင်ငံတွင် ဆေးလိပ်သောက်သုံးမှုနှုန်းကို လျှော့ချရန် အစိုးရအဆက်ဆက်က အမျိုးမျိုး ကြိုးစားလုပ်ဆောင်ခဲ့သော်လည်း မျက်မှောက်၌ အချို့သောအုပ်စုများကြားတွင် ဆေးလိပ်သောက်သုံးမှု သိသိသာသာ   မြင့်မားနေဆဲဖြစ်ကြောင်း   အစီရင်ခံစာတစ်ခုအရ သိရသည်။                                                                ဆင်ဟွာ