
နေပြည်တော် မေ ၁၅
(၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဒုတိယနေ့ကို ၂၀၂၂ ခုနှစ် မေ ၁၅ ရက်တွင် အင်ဒိုနီးရှား နိုင်ငံ ဘာလီမြို့ Conrad Hotel Bali ၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့သည်။
အစည်းအဝေး ဒုတိယနေ့ နံနက်ပိုင်း ပထမပိုင်း အစီအစဉ်အဖြစ် ပထမအကြိမ် အာဆီယံ-ကိုရီးယား ကျန်းမာရေးဝန်ကြီးများအစည်းအဝေးကို “လူတိုင်း လက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစနစ် ဖြစ်ထွန်းရေး ကျန်းမာရေးစနစ် တောင့်တင်းခိုင်မာ စေရန် ဆောင်ရွက်ရေး” “Strengthening Health System for Sustainable Universal Health Coverage and Health Security for Resilient Health Systems” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဆွေးနွေးပြောကြားရာတွင် ခိုင်မာသော ကျန်းမာရေး စနစ်သည် နိုင်ငံတိုင်းအတွက် အရေးကြီးပါကြောင်း၊ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုများ ရယူရာ တွင် ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်ကုသရခြင်းများကို လျှော့ချနိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ICT နည်းပညာအသုံးပြု၍ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစနစ် (Universal Health Coverage) ရရှိစေရေး အချိန်တိုဆောင်ရွက် နိုင်ခဲ့သော ကိုရီးယားနိုင်ငံ၏ အတွေ့အကြုံများအား အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ မျှဝေမည်ဟု ယုံကြည် ပါကြောင်း၊ အဆိုပါ နိုင်ငံများအချင်းချင်း အတွေ့ အကြုံများကို မျှဝေခြင်းအားဖြင့် အာဆီယံ၏ Caring and sharing community နှင့် ညီညွတ်မည်ဖြစ်ပါ ကြောင်းပြောကြား၍ ပထမအကြိမ် အာဆီယံ-ကိုရီးယား ကျန်းမာရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာစာတမ်းအား အတည်ပြုထုတ်ပြန်ခြင်း ကို ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ဒုတိယနေ့ နံနက်ပိုင်း ဒုတိယပိုင်း အစီအစဉ်အဖြစ် (၉) ကြိမ်မြောက် အာဆီယံ+၃ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးကို “ပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေများတွင် ကျန်းမာ ရေးအရင်းအမြစ်များ ကောင်းမွန်စွာ အသုံးချနိုင်ရေး” “Optimizing the Mobilization of Essential Health Resources in responding to Public Health Crisis” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဆွေးနွေးပြောကြားရာတွင် ပြည်သူ့ကျန်းမာ အရေးပေါ်အခြေအနေများသည် မကြာခဏဖြစ်ပွား လျက်ရှိရာ ကျန်းမာရေးစောင့်ရှောက်မှု အရင်းအမြစ် များဖြစ်သည့် ကျန်းမာရေးလူ့စွမ်းအားများ၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများ၊ ကျန်းမာရေးဘတ်ဂျက်များ လုံလောက်မှုမရှိခြင်း အစရှိသည့် အခက်အခဲများစွာ ကြုံတွေ့ရပါကြောင်း၊ အဆိုပါအခြေအနေများတွင် အကန့်အသတ်ရှိသည့် ကျန်းမာရေးအရင်းအမြစ်များ အား အကျိုးရှိစွာအသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့်သာမက ကမ္ဘာ့နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကျန်းမာရေးနှင့် ဆက်စပ်ကဏ္ဍအသီးသီး၏ စုပေါင်းအင်အားဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက် နိုင်ရေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ ကမ္ဘာ့ကပ်ရောဂါများ တုံ့ပြန်ဆောင်ရွက်ရာတွင် ကူးစက်ရောဂါများနှင့် ပတ်သက်သည့် သတင်း အချက်အလက်များ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်း အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးအရင်းအမြစ်များ အကျိုးရှိထိရောက်စွာ အသုံးချနိုင်ခြင်း အစရှိသည်တို့မှာ အရေးကြီးပါ ကြောင်း၊ ပြည်သူများ ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ရေးအတွက် အနာဂတ်စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ထိရောက်စွာ အသုံးပြု၍ ဒေသတွင်း နိုင်ငံများနှင့်သာမက ကမ္ဘာ့နိုင်ငံများနှင့်ပါ ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား၍ (၉)ကြိမ်မြောက် အာဆီယံ+၃ ကျန်းမာရေးဝန်ကြီးများအစည်းအဝေး ပူးတွဲကြေညာ စာတမ်းအား အတည်ပြု ထုတ်ပြန်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးများသို့ အာဆီယံနိုင်ငံများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေအတွင်း ရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ လက်ထောက်အတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်