
နေပြည်တော် မေ ၁၄
သာသနာတော်နှစ် ၂၅၆၆ ခုနှစ် အထိမ်းအမှတ် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ သံဃာတော်အပါး ၁၀၂၆၄ ပါးတို့အား ဆွမ်းနှင့် နဝကမ္မလှူဖွယ်ဝတ္ထု ပစ္စည်းများ လောင်းလှူပူဇော်ခြင်း မဟာမင်္ဂလာကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ ကျုံးအရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက်တို့ရှိ သတ်မှတ်မင်္ဂလာမဏ္ဍပ်များ၌ တစ်ချိန်တည်း တစ်ပြိုင်တည်းပြုလုပ်ကြရာ မန္တလေးမြို့ မဟာ ဒမ္မိကာရာမကျောင်းတိုက်၊ မိတ္ထီလာကျောင်းတိုက် ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသုဇနပီယ အမှူးပြုသော သံတော်များ ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များ၊ အလှူရှင်များ နှင့် စေတနာရှင်ပြည်သူများ တက်ရောက်ကြည်ညို ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာဒမ္မိကာရာမ ကျောင်းတိုက် မိတ္ထီလာကျောင်းတိုက်ဆရာတော် ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြ၍ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသော ပရိတ်တရားတော်များကို နာယူကြပြီး သံဃာတော် များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် မန္တလေးမြို့ မဟာဒမ္မိကာရာမတိုက် ရတနာပုံကျောင်းဆရာတော် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သီဟနာဒထံမှ အနုမောဒနာ ရေစက်ချတရားနာယူပြီး ရေစက်သွန်းချ အမျှပေး ဝေကြသည်။
ဆက်ကပ်လှူဒါန်း
အလားတူ ကျုံး(အရှေ့ပြင်)၊ (အနောက်ပြင်)၊ (မြောက်ပြင်) မင်္ဂလာမဏ္ဍပ်များတွင်လည်း ဆရာတော်ကြီးများထံမှ ကိုးပါးသီလခံယူဆောက် တည်ကြ၍ ပရိတ်တရားတော်များ နာယူကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရေစက်ချ နုမောဒနာတရား နာယူကြသည်။
ဆက်လက်၍ မန္တလေးမြို့ လေးပြင်လေးရပ်ရှိ သံဃာတော်အပါး ၁၀၂၆၄ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေ များ ဆက်ကပ်လောင်းလှူပွဲကို ဆက်လက်ပြုလုပ် ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းမှူး နှင့် တက်ရောက်လာကြသူများက သတ်မှတ်နေရာ မန္တလေးကျုံး လေးပြင်လေးရပ်၌ ကျုံးတစ်ဖက်လျှင် သံဃာတော်အပါး ၂၅၆၆ ပါးစီဖြင့် ကျုံးလေးဘက်ရှိ သံဃာတော်စုစုပေါင်း ၁၀၂၆၄ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများ၊ ဆေးဝါးများနှင့် နဝကမ္မ အလှူငွေများကို သဒ္ဓါတရားထက်သန်စွာဖြင့် ကြည်ညိုဖွယ်ရာ လောင်းလှူကြသည်။
ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ဆရာ တော်၊ သံဃာတော် ၁၀၂၆၄ ပါးတို့အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှမိသားစုနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များက လှူဒါန်းငွေကျပ် ၂၃၂၁၅၇၁၈၀ ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများက လှူဒါန်းငွေကျပ် ၆၁၇၈၄၅၃၈၀ စုစုပေါင်း ငွေကျပ် ၈၅၀၀၀၂၅၆၀ ဖြစ်ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ မြို့နယ် ၂၁ မြို့နယ်၌ သံဃာတော် ၁၀၈ ပါးစီဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ မကွေးမြို့နှင့် တောင်တွင်းကြီးမြို့၌ ဆရာတော်၊ သံဃာတော်အပါး ၃၀၀ ကျော်စီဖြင့် လည်းကောင်း အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပြီး ဆွမ်း၊ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မ အလှူငွေများကို တပ်နယ်အသီးသီးမှ တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာရှင်ပြည်သူ များက အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်