
နေပြည်တော် မေ ၁၃
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ Virtualစနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက စက်သုံးဆီ၏ အခန်းကဏ္ဍ သည် မည်မျှအရေးကြီးသည်ကို အားလုံးသိရှိထားပြီး ဖြစ်သလို တက်ရောက်လာသည့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများ၊ စက်သုံးဆီကဏ္ဍတွင် လုပ်ကိုင် ဆောင်ရွက်နေကြသည့် ကုမ္ပဏီများအားလုံးနှင့်အတူ ပူးပေါင်း၍ စက်သုံးဆီ လုံလုံလောက်လောက် တင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် ပြည်သူများ အနေဖြင့်လည်း သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဝယ်ယူနိုင်သည့် အခြေအနေဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စက်သုံးဆီ အသင်းသည် အစိုးရကချမှတ်သည့် မူဝါဒများ၊ ထုတ်ပြန်ချက်များကို ဌာနဆိုင်ရာနှင့် သက်ဆိုင်ရာ ကုမ္ပဏီတို့ အကြားကြားခံအဖြစ် ဆောင်ရွက်နေကြ ရသည်ဖြစ်၍ အားလုံးအတူတူ လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အသင်းမှ အလုပ်အမှုဆောင်အဖွဲ့(ယာယီ) ဖွဲ့စည်းခြင်းကို လည်းကြိုဆိုပါကြောင်း၊ အသင်းအနေဖြင့် စက်သုံးဆီ တင်သွင်းခြင်းနှင့် ဖြန့်ဖြူးခြင်းတို့အတွက် သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ညှိနှိုင်း၍ ကြိုတင်စီစဉ် ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ စက်သုံးဆီလိုအပ်ချက်ပေါ်မူတည်၍ အချိန်မီ တင်သွင်းဖြန့်ဖြူးနိုင်ရေးအတွက် ပူးပေါင်းဆောင် ရွက်ကြရမည်ဖြစ်သလို အခက်အခဲများရှိပါကလည်း မိမိတို့နှင့်အတူ ပူးပေါင်းဖြေရှင်းဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က စက်သုံးဆီကုမ္ပဏီ များအနေဖြင့် စက်သုံးဆီတင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း ကိစ္စများတွင် အခက်အခဲများရှိနေသည်ကို နားလည် သဘောပေါက်ပါကြောင်းနှင့် ကော်မတီအနေဖြင့် လည်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေးအတွက် စိစစ်ခွင့်ပြု နေရသည် ဖြစ်သည့်အတွက် သက်ဆိုင်ရာ ကုမ္ပဏီ များက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ လိုက်ပါဆောင်ရွက်ကြစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများ၊ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ ကိုယ်စား လှယ်များ၊ စက်သုံးဆီတစ်ဆင့်ခံ ရောင်းချသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ အထွေထွေအုပ်စုမှ ကိုယ်စားလှယ်များနှင့် တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြ ရာ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားကာ လိုအပ်သည်များအား သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်