ကျားဖောင်လုပ်ငန်းသို့ ပို့ဆောင်၍ လုပ်အားခများ ခေါင်းပုံဖြတ်ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်


 

နေပြည်တော်   မေ   ၉
ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံမြို့နေ ဗလကြီး(ခ) အောင်ဗလက ရန်ကုန်တိုင်းဒေသကြီး  ဒလမြို့နယ်နေ   ဦး --- ၊ (၃၀ နှစ်)ကို  ကျားဖောင်လုပ်ငန်းတွင်  အလုပ်လုပ်ကိုင်ပါက  တစ်လငွေကျပ် ရှစ်သောင်းရမည်ဟု  စည်းရုံးပြောဆို၍  ကျားဖောင်လုပ်ငန်းသို့ ပို့ဆောင်ကာ ကြိုတင်ငွေကျပ် ခြောက်သိန်း ထုတ်ယူ၍ လုပ်အားခ များကို ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ဒလမြို့မရဲစခန်း (ပ) ၁၀၅၁/ ၂၀၁၈၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး တောင်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မေ ၅ ရက်တွင် တရားခံ ဗလကြီး(ခ) အောင်ဗလအား  လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅ အရ အလုပ်နှင့် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ် (၁၂)ရပ်ကွက်နေ  မပိုင်ပိုင်စိုး (ခ) မစိုးစိုးနှင့်  တောသားကြီး(ခ)တင်ကိုဦးတို့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ မ --- ၊ (၁၈ နှစ်)ကို  တရုတ်နိုင်ငံတွင် ဆံပင်ညှပ်သည့် အလုပ်လုပ် ကိုင်ပါက တစ်လ ငွေကျပ် ၁၅ သိန်း ရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်အမျိုးသား ကျိန်ယိဆိုသူထံ ပို့ဆောင်၍ ငွေကျပ်သိန်း  ၆၀ ဖြင့်  ရောင်းစားကာ ငွေကြေး အကျိုးအမြတ်များ ရယူခဲ့သဖြင့် ရွှေပြည်သာမြို့မရဲစခန်း (ပ) ၉၃၉ / ၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ မပိုင်ပိုင်စိုး(ခ)မစိုးစိုးနှင့်  တောသားကြီး(ခ)တင်ကိုဦး တို့ကို မေ ၆ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ  ၂၄/  ၃၂  အရ   အလုပ်နှင့် ထောင်ဒဏ်   ၁၀ နှစ်စီ ကျခံစေရန်  အမိန့်ချမှတ်ခဲ့ကြောင်း သိရ သည်။                                                                    သတင်းစဉ်