
ရန်ကုန် မေ ၈
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ပထမနေ့ကို မေ ၈ ရက်က ဆက်လက်ကျင်းပရာ မြန်မာ အသင်းက တီမောအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
မြန်မာအသင်းသည် ပွဲဦး ထွက်ပွဲတွင် အနိုင်ရခဲ့သဖြင့် ကျေနပ် စရာကောင်းခဲ့သော်လည်း ခြေစွမ်းပိုင်အရ လိုအပ်ချက်များ ရှိသေးပြီး နောက်ကျဂိုးကြောင့်သာ အမှတ်ပြည့်ရခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ရှေ့၊ လယ်၊ နောက် ဟန်ချက်ညီရန် လိုအပ်နေသေးသလို အသက် ကျော်ကစားသမားများ၊ ပြည်ပ တွင် သွားရောက်ကစားနေသူများ နှင့် ပေါင်းစပ်ရာတွင် လိုအပ်ချက် များရှိနေသေးသည်။
ပထမပွဲတွင် အရေးနိမ့်ထား သည့် တီမောအသင်းသည် မြန်မာ အသင်းကို အကောင်းဆုံး တုံ့ပြန် နိုင်ခဲ့ပြီး နှစ်ဂိုးအရှုံးမှ နှစ်ဂိုးပြန် သွင်းကာ သရေတစ်မှတ်ရယူနိုင် ရန်အထိ နီးစပ်ခဲ့သည်။ မြန်မာ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ပထမပိုင်းတွင် အသက်ကျော် ကစားသမားများနှင့် ပြည်ပကလပ် များတွင် ကစားနေသူများကို အသုံးမပြုဘဲ ပြည့်ဖြိုးသူ (ဂိုး)၊ ဟိန်း ဇေယျာလင်း၊ စိုးမိုးကျော်၊ သက်ဟိန်းစိုး၊ အောင်ဝဏ္ဏစိုး၊
ရန်ကျော်စိုး၊ မြတ်ကောင်းခန့်၊ ဇော်ဝင်းသိန်း၊ ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်းတို့ဖြင့် ပွဲထွက်ခဲ့ သည်။ ပထမပိုင်းတွင် ပွဲမှာအပြန် အလှန်ရှိသော်လည်း မြန်မာ အသင်းက အခွင့်အရေးများ အသုံး ချနိုင်ခဲ့သဖြင့် နှစ်ဂိုးပြတ် ဦးဆောင် နိုင်ခဲ့သည်။ မြန်မာအသင်းအတွက် ဂိုးများကို ၃၇ မိနစ်တွင် ဝင်းနိုင် ထွန်းနှင့် ၄၁ မိနစ်တွင် ထက်ဖြိုး ဝေတို့က သွင်းယူခဲ့သည်။ ဒုတိယ ပိုင်းအစတွင် မြန်မာအသင်း နည်းပြချုပ်ပိုပေါ့ဗ်သည် ကစား သမားများ အပြောင်းအလဲပြုလုပ် ခဲ့ပြီး အသက်ကျော်ကစားသမား များဖြစ်သည့် မောင်မောင်လွင်၊ ဝင်းမိုးကျော်၊ အောင်ကောင်းမာန် အပါအဝင် ဟိန်းထက်အောင် တို့ကို လူစားလဲအသုံးပြုခဲ့သည်။ သို့သော် ဒုတိယပိုင်းတွင် မြန်မာ အသင်းသည် တီမောအသင်း၏ ဖိအားပေးခြင်းကို ခံခဲ့ရပြီး ၅၂ မိနစ်တွင် မိုဇီနို၊ ၆၄ မိနစ်တွင် ဆိုရာရတ်စ်တို့က ချေပဂိုးများ ပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်း တွင် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး တီမောအသင်းမှာ ဂိုးထပ်ရနိုင် သည့် အခွင့်အရေးများ အသုံးမချ နိုင်ခဲ့သဖြင့် နစ်နာခဲ့ရသည်။ မြန်မာအသင်းအတွက် အနိုင်ဂိုး ကို ၉၀+၅ မိနစ်တွင် အောင်ဝဏ္ဏ စိုးက သွင်းယူခဲ့သည်။
အုပ်စု(က) အခြားပွဲတွင် အိမ်ရှင် ဗီယက်နမ်အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ဂိုးမရှိ သရေ ကျခဲ့သည်။ ယနေ့ပွဲအပြီးတွင် အုပ်စု(က)၌ ဗီယက်နမ်နှင့် ဖိလစ်ပိုင်အသင်းက နှစ်ပွဲကစား လေးမှတ်စီ၊ မြန်မာအသင်းက တစ်ပွဲကစား သုံးမှတ်ရထားပြီး တစ်ပွဲကစားထားသည့် အင်ဒို နီးရှား၊ နှစ်ပွဲကစားထားသည့် တီမောအသင်းတို့မှာ အမှတ်မရ သေးပေ။ ရဲရင့်လွင်၊ ဓာတ်ပုံ-MFF