
ရန်ကုန် မေ ၇
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (သန်လျင်)၊ နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ ပြည်နည်းပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မအူပင်)၊ နည်းပညာတက္ကသိုလ်(ပုသိမ်)၊ နည်းပညာ တက္ကသိုလ် (ဟင်္သာတ)၊ နည်းပညာတက္ကသိုလ် (မော်လမြိုင်)၊ နည်းပညာတက္ကသိုလ် (မကွေး)၊ နည်းပညာတက္ကသိုလ် (မိတ္ထီလာ)၊ နည်းပညာ တက္ကသိုလ်(ရမည်းသင်း)၊ နည်းပညာတက္ကသိုလ် (ဘားအံ)၊ နည်းပညာတက္ကသိုလ် (လားရှိုး)၊ နည်းပညာတက္ကသိုလ် (ပင်လုံ)၊ နည်းပညာတက္ကသိုလ် (မြိတ်)၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၊ ကွန်ပျူတာ တက္ကသိုလ်(မအူပင်)၊ ကွန်ပျူတာတက္ကသိုလ်(သထုံ)၊ ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ)၊ ကွန်ပျူတာ တက္ကသိုလ်(မကွေး)၊ ကွန်ပျူတာ တက္ကသိုလ်(လားရှိုး)၊ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)နှင့် ကွန်ပျူတာ တက္ကသိုလ် (ကျိုင်းတုံ)တို့၌ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဘွဲ့နှင်းသဘင် အခမ်းအနားများကို ကျင်းပ ကြသည်။
ဂုဏ်ပြုအမှာစကားပြောကြား
ဘွဲ့နှင်းသဘင်အခမ်းအနားတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က Video Message ဖြင့်ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နည်းပညာတက္ကသိုလ် ၁၆ ကျောင်းနှင် ကွန်ပျူတာ တက္ကသိုလ် ခုနစ်ကျောင်းတို့၏ ဘွဲ့နှင်းသဘင်အခမ်း အနားများတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် သင်ယူ တတ်မြောက် အောင်မြင်ခဲ့ကြသူများကို ဘွဲ့လက်မှတ် များ အပ်နှင်းသွားမည်ဖြစ်ပြီး နိုင်ငံတော်အတွက် အင်ဂျင်နီယာ မဟာဘွဲ့၊ အင်ဂျင်နီယာဘွဲ့၊ ဗိသုကာ ဘွဲ့၊ ကွန်ပျူတာသိပ္ပံဘွဲ့၊ ကွန်ပျူတာနည်းပညာဘွဲ့၊ ကွန်ပျူတာ ဒီပလိုမာဘွဲ့ရရှိသူများကိုလည်း ဘွဲ့ လက်မှတ်များ အပ်နှင်းသွားမည်ဖြစ်ကြောင်း။
ကျင့်ဝတ်များကို စောင့်ထိန်းရန်လို
သိပ္ပံနှင့်နည်းပညာဘာသာရပ်များသည် လျင်မြန် စွာ တိုးတက်ပြောင်းလဲလျက်ရှိပြီး ဒစ်ဂျစ်တယ်နည်း ပညာ ကျမ်းကျင်တတ်မြောက်မှု (Digitalization)သည် လူတစ်ဦးချင်းစီ၊ လုပ်ငန်းကဏ္ဍနှင့် ဒေသ ဆိုင်ရာ အောင်မြင်မှုများအတွက် မရှိမဖြစ်လိုအပ် ချက်တစ်ရပ်အဖြစ် နေရာယူလျက်ရှိပါကြောင်း၊ ICT နည်းပညာကျွမ်းကျင်စွာ အသုံးပြု၍ ပညာရေး၊ သုတေသနနှင့် သိပ္ပံနှင့်နည်းပညာနယ်ပယ်များကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင် ကြရန်လိုအပ်ပါကြောင်း၊ အင်ဂျင်နီယာနှင့် ကွန်ပျူတာပညာရှင်ကောင်းများ လိုက်နာရမည့် ကျင့်ဝတ်များကို စောင့်ထိန်းရန်လိုအပ်သည့်နည်းတူ လုပ်ငန်းခွင်စည်းကမ်း၊ ရပ်ရွာစည်းကမ်းနှင့် ပြည်သူ့ နီတိများကို လေးစားလိုက်နာပြီး စံနမူနာယူထိုက် သော အင်ဂျင်နီယာပညာရှင်၊ ကွန်ပျူတာပညာရှင်များ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ယနေ့ကျင်းပသော ဘွဲ့နှင်းသဘင်အခမ်းအနားများ တွင် ဘွဲ့ယူမည့်မောင်မယ်များကို လှိုက်လှဲစွာဂုဏ်ပြု လိုက်ပါကြောင်း ပြောကြားသည်။
စည်ကားသိုက်မြိုက်စွာကျင်းပ
ဆက်လက်၍ တက္ကသိုလ်အသီးသီး၏ ဘွဲ့နှင်း သဘင်အခမ်းအနားများကို ကျင်းပရာ နည်းပညာ တက္ကသိုလ်များတွင် မဟာအင်ဂျင်နီယာဘွဲ့ရရှိသူ ၆၁ ဦး၊ အင်ဂျင်နီယာဘွဲ့ရရှိသူ ၆၇၄ ဦး၊ ကွန်ပျူတာ တက္ကသိုလ်များတွင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာ နည်းပညာဘွဲ့ရရှိသူ ၁၃၄ ဦး၊ ဘွဲ့လွန် ဒီပလိုဘွဲ့ရရှိသူ ငါးဦး စုစုပေါင်းဘွဲ့ရမောင်မယ် ၈၇၄ ဦးတို့ကို တက္ကသိုလ်အသီးသီး၏ ပါမောက္ခချုပ်များက သက်ဆိုင်ရာဘွဲ့အလိုက် ဘွဲ့လက်မှတ်များ ချီးမြှင့် အပ်နှင်းကာ ဘွဲ့နှင်းသဘင် မိန့်ခွန်းများ မြွက်ကြား ခဲ့ကြပြီး ဘွဲ့နှင်းသဘင် အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
ထိရောက်အကျိုးရှိစွာ သင်ကြား
ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် နှင့် နည်းပညာတက္ကသိုလ် (သန်လျင်) တို့သည် နိုင်ငံတကာအသိအမှတ်ပြု Quality Management System ဆိုင်ရာ ISO 9001:2015 စီမံခန့်ခွဲရေးစနစ် ကို အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိပြီး တက္ကသိုလ်များ၏ အရည်အသွေး အာမခံမှုနှင့် ပတ်သက်၍ အာဆီယံတက္ကသိုလ်များ ကွန်ရက် ASEAN University Network Quality Assurance (AUN-QA)၏ Associate Membership တက္ကသိုလ် များဖြစ်ကြောင်း၊ ယနေ့ ဘွဲ့နှင်းသဘင်ကျင်းပခဲ့သည့် နည်းပညာတက္ကသိုလ်များတွင် အရည်အသွေးပြည့်ဝ သော သင်ကြား၊ သင်ယူမှုများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာအင်ဂျင်နီယာ ပညာရေးစံများနှင့်အညီ နိုင်ငံတကာအသိအမှတ်ပြု Quality Management System ဆိုင်ရာ ISO 9001:2015 စီမံခန့်ခွဲရေးစနစ်ကို အကောင်အထည် ဖော် ကျင့်သုံးလျက်ရှိရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာပညာရေး အရည်အသွေး စိစစ်အသိအမှတ်ပြုရေးကော်မတီ၏ ပဏာမ အသိ အမှတ်ပြု လက်မှတ်နှင့် အာရှနှင့် ပစိဖိတ်ဒေသ အတွင်း အင်ဂျင်နီယာပညာရေး အသိအမှတ်ပြုမှု အဖွဲ့အစည်း (Federation of Engineering Institutions of Asia and P acific (FEIAP)၏ အသိအမှတ်ပြု လက်မှတ်များဖြင့် အရည်အသွေး စိစစ်အသိအမှတ်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ကွန်ပျူတာတက္ကသိုလ်များသည် ICT အထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ် အသိအမှတ် ပြုနိုင်ရေးအတွက် Seoul Accord နှင့် အညီ စတင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ တက္ကသိုလ်များနည်းတူ ICT နည်းပညာကို အသုံးပြု သည့် Learning Management System (LSM) သင်ကြားသင်ယူမှုစနစ်များ အသုံးပြု၍ လွယ်ကူ လျင်မြန်ထိရောက်အကျိုးရှိစွာ သင်ကြားသင်ယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေ့တွင် ကျင်းပပြုလုပ်သော ဘွဲ့နှင်းသဘင် အခမ်းအနားများသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများ အလိုက် ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဘွဲ့ယူမည့်မောင်မယ် များနှင့် ၎င်းတို့၏ မိဘဆွေမျိုးမိတ်သင်္ဂဟများ၊ တက္ကသိုလ်စီမံခန့်ခွဲရေး အဖွဲ့ဝင်များနှင့် ပညာရေး အဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်၊ ဓာတ်ပုံ - ကနူး