
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာများ၊
ဒေသခံပြည်သူများအား တွေ့ဆုံအမှာစကားပြောကြား၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ အခြေခံပညာအထက်တန်းကျောင်းနှင့်
အောင်နိုင်သူ အုန်းဆံကြိုး ထုတ်လုပ်မှုလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား မြို့နယ်ခန်းမတွင် တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဦးမောင်းဟာ၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကိုကိုးကျွန်းမြို့ရှိ မြို့နယ်အဆင့် ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူ များ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းမင်းက ကိုကိုးကျွန်းမြို့ သမိုင်းကြောင်းနှင့် အုပ်ချုပ်ရေး၊ စီးပွား ရေး၊ လူမှုရေး စသည့်ဒေသဆိုင်ရာ အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ကျွန်း၏တန်ဖိုးကို သိရှိနားလည်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အမှာ စကားပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅) ရပ် ဦးတည်ချက် (၉) ရပ်ကို အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေ များကို သိရှိလို၍ဖြစ်ကြောင်း မြို့နယ် လူထုနှင့် နိုင်ငံ့ဝန်ထမ်းများ၏ လိုအပ်ချက် နှင့်အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကို တစ်ပါတည်း ခေါ်ဆောင်လာခဲ့ကြောင်း၊ ကိုကိုးကျွန်းသည် ရန်ကုန်မှ မိုင် ၂၀၀ ကျော်၊ ဟိုင်းကြီးကျွန်းမှ မိုင် ၁၀၀ ကျော် ခန့်အကွာ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလား ပင်လယ်အော် ဆုံချက်နေရာတွင်ရှိပြီး နိုင်ငံ၏ အနောက်တောင်အစွန်ဆုံးတွင် တည်ရှိပါကြောင်း၊ နိုင်ငံအတွက် ပထဝီ အနေအထားအရ၊ လုံခြုံရေးအရ အရေး ပါသော ကျွန်းပေါင်း ၁၂ ကျွန်းနှင့် ဖွဲ့စည်း ထားသည့် ကျွန်းကြီးတစ်ကျွန်းဖြစ် ကြောင်း၊ ကိုကိုးကျွန်းတွင် နေထိုင်သူများ အနေဖြင့်လည်း ကျွန်း၏တန်ဖိုးကို သိရှိ နားလည်ထားရန်လိုကြောင်း၊ အလားတူ ကိုကိုးကျွန်းတွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများသည် ရေခြား မြေခြားလျက် တည်နေရာအရ နိုင်ငံ၏ ရှေ့တန်းအကျဆုံး နေရာတွင် သည်းခံ စိတ်ရှည်စွာဖြင့် တာဝန်ထမ်းဆောင် နေကြသူများဖြစ်၍ အသိအမှတ်ပြု အားပေးပါကြောင်း။
သင်တန်းပေးမှုများ ဆောင်ရွက်ပေး
နိုင်ငံတော်ဝန်ကြီးချုပ် ချမှတ် ထားသော တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး မူဝါဒကို အကောင် အထည်ဖော်နိုင်ရန် တစ်ဦးချင်းဝင်ငွေ ရရှိနိုင်သော အလုပ်အကိုင် အခွင့်အလမ်း များ ရရှိရန်လည်း နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနကို တာဝန်ပေး၍ SME လုပ်ငန်းအဖြစ် အုန်းဆံကြိုး စက်ရုံနှင့် အုန်းနှင့်ဆက်စပ်သည့် လူသုံးကုန်ထုတ် ပစ္စည်း လက်မှုလုပ်ငန်းများ လုပ်ဆောင် ရန် သင်တန်းပေးမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ လူသုံးကုန်ပစ္စည်း လက်မှုလုပ်ငန်းအတွက် သင်တန်းပေးရာ တွင် ပြောင်းလဲလာသော လူနေမှုစနစ်အရ ခေတ်နှင့်လျော်ညီ၍ အမှန်တကယ်သုံးစွဲ သည့် ပစ္စည်းထုတ်လုပ်နိုင်ရန် သင်တန်း ပို့ချရန်လိုကြောင်း၊ သို့မှသာ ဈေးကွက် ရရှိပြီး ဝင်ငွေရရှိမည်ဖြစ်ကြောင်း အသုံး မတည့်ပစ္စည်းများ ထုတ်လုပ်ခြင်းဖြင့် လုပ်အားနှင့် အရင်းအနှီး ဆုံးရှုံးခြင်းသာ အဖတ်တင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ဒေသမှ ထွက်ရှိသည့် ထုတ်ကုန်များကို ဈေးကွက်ရရှိအောင်လည်း မြို့နယ်မှ တစ်ဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြကာ စီမံဖန်တီးပေးရန်လိုကြောင်း၊ အလားတူ ဒေသ၏ အားသာချက်ဖြစ်သော အုန်းသီးကြွယ်ဝစွာထွက်ရှိမှုကို အခြေခံ၍ နည်းပညာဖြင့် လူသုံးကုန်သစ်များ ထုတ်လုပ်နိုင်ရေး နည်းလမ်းရှာကြံ ဆောင်ရွက်ရန်လိုကြောင်း။
ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်
ပညာရေးနှင့်ပတ်သက်၍ တိုးတက် လာသော IT ခေတ်တွင် ကျေးလက်နှင့် မြို့ပြသင်ယူနိုင်သည့် အခြေအနေမှာ များစွာကွာခြားမှုမရှိဘဲ ဆရာ၊ ဆရာမ များ၏ စေတနာ၊ ဝါသနာ၊ အနစ်နာ စသည့် နာသုံးနာဖြင့် သင်ကြားပေးမှု၊ ကျောင်းသား /ကျောင်းသူ များ၏ တတ်မြောက်လိုမှု၊ မိဘနှင့် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တို့၏ အားပေးဆောင် ရွက်မှုဖြင့် အောင်ချက်မြင့်မားလာမည် ဖြစ်ကြောင်း၊ ကျောင်းသား /ကျောင်းသူ များ စိတ်လက်အေးချမ်း တက်ကြွစွာ ကျောင်းတက်နိုင်ရေး ကျောင်းတွင်း/ ကျောင်းပြင် သန့်ရှင်းရေး ဆောင်ရွက်၍ ဥပဓိရုပ်ကောင်းမွန်အောင် ဝိုင်းဝန်း ပြင်ဆင် ဆောင်ရွက်သွားကြရန်လို ကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ၂၀၁၂ ခုနှစ်မှစတင်၍ အခြေခံအဆောက်အဦ လိုအပ်ချက်များ စတင်ဖြည့်ဆည်းလာ ခဲ့ကြောင်း၊ ဒေသခံပြည်သူများ သွားလာ ရေးအဆင်ပြေစေရေးအတွက် နှစ်ပတ် တစ်ကြိမ် တပ်မတော်လေယာဉ်ဖြင့် လည်းကောင်း၊ တစ်လ တစ်ကြိမ် တပ်မတော်ရေယာဉ်များဖြင့် လည်း ကောင်း၊ သယ်ယူပို့ဆောင်ပေးလျက်ရှိ ကြောင်း၊ ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက် ရေးအတွက် အားလုံးပူးပေါင်း၍ ဝိုင်းဝန်း လုပ်ဆောင်သွားကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ် (ကြည်း) က ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေများကို လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စားသောက်ဖွယ်ရာများကို လည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံ ရယူကြသည်။
အားပေးစကားပြောကြား
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များ နှင့်အတူ ကိုကိုးကျွန်းမြို့ရှိ မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံ တွင် တက်ရောက်ဆေးကုသမှုခံယူ လျက်ရှိသည့် ဒေသခံပြည်သူများကို လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါ အခြေအနေများအား မေးမြန်းအားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ် သည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ဆေးရုံရှိ ဆေးသိုလှောင်ခန်း၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်းအပါအဝင် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ထောက်ပံ့ပေးအပ်
ယင်းနောက် ဆေးရုံတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ကျန်းမာရေးသည် အရေးအကြီးဆုံးဖြစ်၍ ရောဂါရှာဖွေ ကုသမှုအတွက် လိုအပ်သော ဆေးဝါးနှင့် ပစ္စည်းကိရိယာများ လုံလောက်စွာထားရှိ ရမည့်အခြေအနေ၊ ဖြည့်ဆည်းပေးထား သည့် လက်သုံးကိရိယာများကို ရေရှည် သုံးစွဲနိုင်ရန် စနစ်တကျ ကိုင်တွယ် ထိန်းသိမ်းရမည့် အခြေအနေ၊ ရောဂါ ရှာဖွေကုသမှုအပြင် ကြိုတင်ကာကွယ် နိုင်ရန် ကျန်းမာရေး အသိပညာပေးရန် လိုအပ်သည့် အခြေအနေ၊ ဆေးရုံ၏ လိုအပ်သော အုပ်ချုပ်မှုကိစ္စများအတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် မြို့နေ ပြည်သူများ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်သော အခြေအနေစသည်ဖြင့် လိုအပ်သည်များ မှာကြားပြီး ချီးမြှင့် ငွေများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
သင်ကြားပို့ချနေမှုကိုကြည့်ရှု
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ ဝင်များသည် ကိုကိုးကျွန်းမြို့ရှိ အခြေခံ ပညာအထက်တန်းကျောင်း၌ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ် သင်ကြားပေးနေသည့် စားသောက်ကုန် နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းသို့ သွားရောက်၍ သင်တန်း သား/ သင်တန်းသူများအား သင်ကြား ပို့ချနေမှုကိုကြည့်ရှုပြီး သင်တန်းသား/ သင်တန်းသူများနှင့် တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားပြီး လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် အဆိုပါ စာသင်ကျောင်းအတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကျောင်းအုပ်ဆရာမကြီးအား လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် အောင်နိုင်သူ အုန်းဆံကြိုးထုတ်လုပ်မှု လုပ်ငန်းသို့ သွားရောက်ကြည့်ရှုကြပြီး သိရှိလိုသည်များမေးမြန်းကာ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်