အနာဂတ်လယ်ယာကဏ္ဍအတွက် အားထားရမည့် မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းကြစေလို

 

 

နေပြည်တော်     မေ    ၂
အသက်မွေးဝမ်းကျောင်းပညာရပ်    လေ့လာလိုသူ လူငယ်များအတွက် စိုက်ပျိုးရေးသိပ္ပံကျောင်းများ တွင် မွေးမြူရေး ဒီပလိုမာသင်တန်းများ ဖွင့်လှစ် ပေးခြင်း၊ အဆင့်မြင့်ပညာရပ် ဆက်လက်သင်ယူ လိုသူများအတွက် ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပါရဂူသင်တန်း များအထိ ပေါင်းကူးတက်ရောက်နိုင်ရေးကိုလည်း  စီစဉ်ဆောင်ရွက်ပေးပြီးဖြစ်ရာ  ဆရာ  ဆရာမများ အနေဖြင့်   အနာဂတ်    လယ်ယာကဏ္ဍအတွက် အားထားရမည့်   မျိုးဆက်သစ်လူငယ်များအဖြစ် လေ့ကျင့်သင်ကြား မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်း ကြစေလိုကြောင်း   မေ  ၁  ရက်  နံနက်ပိုင်းက မြစ်ကြီးနား   စိုက်ပျိုးရေးသိပ္ပံကျောင်း   အစည်း အဝေးခန်းမ၌ စိုက်ပျိုးရေးသိပ္ပံ ဆရာ ဆရာမများ  နှင့်တွေ့ဆုံစဉ်    စိုက်ပျိုးရေး၊      မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့်အတူ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်  နှင့်  ပြည်နယ်အစိုးရအဖွဲ့ဝင်  ဝန်ကြီးများ၊  ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြစ်ကြီးနား စိုက်ပျိုးရေး သိပ္ပံကျောင်းအုပ်ကြီးနှင့်    ဆရာ   ဆရာမများ တက်ရောက်ကြပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် ကျောင်းအုပ် ကြီးတို့က စာသင်နှစ်အလိုက် ဖွင့်လှစ်ပို့ချပေးမည့် သင်တန်းများနှင့်     ဘာသာရပ်အလိုက်     စာတွေ့ လက်တွေ့သင်ကြားပေးမည့်     အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သင်ကြားရေးစနစ်တွင်     ဘာသာရပ်အလိုက် အားသာချက်   အားနည်းချက်များကို   စနစ်တကျ လေ့လာသုံးသပ်ပြီး လိုအပ်သည့် ပြုပြင်မှု၊ အဆင့်  မြှင့်တင်မှုများ    ဆောင်ရွက်ရန်  လိုအပ်ချက်များ၊ လက်ရှိဖွင့်လှစ်မည့် စိုက်ပျိုးရေးဒီပလိုမာသင်တန်း နှင့် တိုးချဲ့ဖွင့်လှစ်မည့် မွေးမြူရေးဒီပလိုမာသင်တန်း အပြင် ကောလိပ်အဆင့် တိုးမြှင့်သင်ကြားနိုင်ရေးအထိ မျှော်မှန်းပြီး   ဆောင်ရွက်ရန်    လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်   မွေးမြူရေး    ဒီပလိုမာ သင်တန်းအတွက် စာသင်ဆောင်၊ လက်တွေ့ဆောင်၊  ဓာတ်ခွဲခန်းနှင့်   မွေးမြူရေးခြံ    တည်ဆောက်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက်   ပြည်ထောင်စုဝန်ကြီး၊  ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  နန်းကွေ့  စိုက်ပျိုးရေးခြံ ၏   ဝဥစိုက်ပျိုးပွဲသို့  တက်ရောက်အားပေးကြပြီး စိုက်ပျိုးရေးဦးစီးဌာန   ဝန်ထမ်းများနှင့်အတူ    ဝဥ စိုက်ပျိုးပေးခဲ့ကြသည်။ 
မွန်းလွဲပိုင်းတွင်        ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည်  ငှက်ပျောနှင့် ပြောင်း ချဉ်ဖတ်စိုက်ပျိုးထုတ်လုပ်သည့် ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ပြည်နယ် အစိုးရအဖွဲ့ရုံး   အစည်းအဝေးခန်းမ၌    တွေ့ဆုံ၍ ဒေသခံတောင်သူများအတွက် ဈေးကွက်ဝေစုရရှိရေး နိုင်ငံတော်အပိုင်းက ဆောင်ရွက်ထားရှိမှုများ၊ တရုတ် နိုင်ငံသို့ ငှက်ပျောတင်ပို့ရာတွင် အပင်ပိုးမွှားကင်းရှင်း ရေးဆိုင်ရာ    လိုအပ်ချက်    သဘောတူစာချုပ်အရ လိုက်နာရမည့်အချက်များ၊      စိုက်ပျိုးမြေများကို    တည်ဆဲဥပဒေများနှင့်အညီ   အသုံးပြုလုပ်ကိုင်နိုင် ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက်   ပြည်ထောင်စုဝန်ကြီးသည်   ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ် စိုက်ပျိုး ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြည်နယ်၊ ခရိုင်နှင့်   မြို့နယ်အဆင့်    လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍   ကချင်ပြည်နယ်၏  လယ်ယာကုန်ထုတ်လုပ်မှု  တိုးတက်ရေးနှင့် တိုးချဲ့ ဆောင်ရွက်နိုင်မည့်    စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။
   သတင်းစဉ်