
သီဟစည်သူ
ယခုအခါ မြန်မာနိုင်ငံတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက် စေရန် စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ပိုက်ဆံ လျှော်(သစ်စိမ်းမြေဩဇာ)မျိုးစေ့များကို တောင်သူ များထံ အခမဲ့ဖြန့်ဝေခြင်း၊ နည်းပညာပေးခြင်းနှင့် တောင်သူများ၏ လယ်ယာမြေများတွင် သစ်စိမ်း မြေဩဇာ စိုက်ပျိုးခြင်းများကို ဒေသအနှံ့ ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရသည်။
စိုက်ပျိုးရေးကဏ္ဍတွင် သစ်စိမ်းမြေဩဇာသည် အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ပြီး သစ်စိမ်း မြေဩဇာ ပြုလုပ်သုံးစွဲခြင်းဖြင့် သွင်းအားစု ကုန်ကျ စရိတ်သက်သာပြီး အထွက်နှုန်းတိုးကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်လည်း အသုံး ဝင်သည်။ သစ်စိမ်းမြေဩဇာအဖြစ် ပိုက်ဆံလျှော် အပြင် ဘောစကိုင်း၊ ညံ၊ ထိကရုန်း၊ မြေနိမ့်ချယ်ရီ၊ ပဲစောင်းလျား၊ ဒန့်ချွဲနှင့် ပဲလွမ်းကဲ့သို့သော ပဲမျိုးရင်း ဝင် အပင်များကို အသုံးပြုနိုင်ကြောင်းသိရသည်။
အရေးပါသည့် အပင်
ပိုက်ဆံလျှော်ပင်သည် လျှော်အဖြစ် ထုတ်လုပ် နိုင်သည့်အပြင် သစ်စိမ်းမြေသြဇာအဖြစ်လည်း အသုံးဝင်သော စိုက်ပျိုးရေးကဏ္ဍမှာ အရေးပါသည့် အပင်ဖြစ်သည်။ စိုက်ပျိုးရေးပညာရှင်များသည် ပိုက်ဆံလျှော်၏ အသုံးဝင်မှုများအပြင် အခြားသီးနှံ များ မဖြစ်ထွန်းနိုင်သောအခြေအနေတွင် အောင်မြင် စွာ စိုက်ပျိုးနိုင်သောကြောင့် စိုက်ပျိုးရေးအတွက် အရေးပါသောသီးနှံဖြစ်ကြောင်း ဆိုကြသည်။
ပိုက်ဆံလျှော်၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံ ဖြစ်ပြီး ပိုက်ဆံလျှော်(Sunn Hemp)သည် ပဲမျိုးရင်း (Leguminoseae)ဖြစ်ကာ သိပ္ပံအမည် Crotalaria juncea L ဟုခေါ်ကြောင်း သိရသည်။ ပိုက်ဆံလျှော် ကို တောင်သူများအတွက် သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုမည်ဆိုပါက တစ်ဧက မျိုးလေးပြည်နှုန်း သုံး၍ ကြဲပက်စိုက်ပျိုးနိုင်သည်။ သစ်စိမ်းမြေသြဇာ အဖြစ် စိုက်ပျိုးသည့် ပိုက်ဆံလျှော်ပင်ကို ပန်းမပွင့်မီ အပင်သက်တမ်း ရက် ၄၀ မှ ၄၅ ရက် ဝန်းကျင် နိုက်ထရိုဂျင်ထုတ်လုပ်မှု အမြင့်ဆုံးအချိန်တွင် ထယ်ထိုး မြေမြှုပ်ရမည်ဖြစ်ပြီး ထယ်ထိုးမြေမြှုပ်ပြီး ၁၀ ရက်မှ ၁၄ ရက်အကြာတွင် ဆွေးမြည့်မည်ဖြစ်ကာ သစ်စိမ်းမြေဩဇာပင်များ ကောင်းစွာ ဆွေးမြည့် သွားမှသာ စီးပွားဖြစ်သီးနှံ စိုက်ပျိုးရမည်ဖြစ်သည်။
သွင်းအားစုကုန်ကျစရိတ်သက်သာ
ပိုက်ဆံလျှော် တစ်ဧကလျှင် နိုက်ထရိုဂျင် ၈၆ ပေါင်၊ ဖော့စ်ဖရပ်စ် ၁၁ ပေါင်၊ ပိုတက်ဆီယမ် ၄၈ ပေါင်နှင့် သစ်ဆွေးဓာတ် ခုနစ်တန်ခန့် ရရှိမည် ဖြစ်ပြီး အဆိုပါ အပင် အာဟာရ ဓာတ်များသည် ယူရီးယားတစ်အိတ်တွင်ပါဝင်သည့် အချိုးအစားနှင့် ညီမျှကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာန မြေဆီလွှာသုတေသနဌာနစု၏ သုတေသန တွေ့ရှိချက်အရ သိရသည်။ ထို့ကြောင့် ယူရီးယား ကဲ့သို့ ဓာတ်မြေဩဇာများ ဈေးကြီးနေချိန်တွင် ဝယ်ယူအသုံးပြုစရာမလိုသဖြင့် သွင်းအားစုကုန်ကျ စရိတ် သက်သာပြီး သီးနှံအထွက်တိုးမည်ဖြစ်သည်။
အထွက်နှုန်းပိုမိုကောင်းမွန်လာ
ပိုက်ဆံလျှော်ကို သစ်စိမ်းမြေဩဇာအဖြစ် အသုံး ပြုခြင်းဖြင့် ဒေသမျိုး မျိုးပဲသီးနှံ တစ်ဧကလျှင် အထွက်နှုန်း ၃၃ - ၃၄ ရာခိုင်နှုန်း၊ နှမ်းသီးနှံတွင် ၃၀- ၅၀ ရာခိုင်နှုန်း၊ ကုလားပဲသီးနှံတွင် ၅၀ ရာခိုင်နှုန်းနှင့် မတ်ပဲသီးနှံတွင် ၇၅ ရာခိုင်နှုန်း အထွက်နှုန်းပိုမိုကောင်းမွန်လာကြောင်း အသက်မွေး ဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့ (LIFT Myanmar)အစီအစဉ်၏ မကွေးတိုင်းဒေသကြီး အတွင်း ဆောင်ရွက်ခဲ့သည့် သုတေသနတွေ့ရှိချက် များအရ သိရသည်။
အခြားအကျိုးကျေးဇူးများ
ထို့အတူ ပိုက်ဆံလျှော်ပင်များ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာရေတိုက်စားမှုကို ကာကွယ်ခြင်း၊ မြေဆီ လွှာအစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ မြေဆီလွှာ ဖွဲ့စည်းမှုကို ကောင်းမွန်စေပြီး သစ်ဆွေးဓာတ်များစွာ ရရှိသောကြောင့်မြေ အတွင်းရှိ အာဟာရ ဓာတ် များကို ရေရှည် ထိန်းသိမ်းထားနိုင် ခြင်း၊ မြေအတွင်းရှိ အကျိုးပြုဇီဝပိုးမွှားများကို ပွားများ စေနိုင်ခြင်း၊ မြစ်ပုပ်ရောဂါကိုဖြစ်စေသော နီမတုတ် ကို ခံနိုင်ရည်ရှိခြင်း၊ မြေဆီလွှာတွင်း လေဝင်လေထွက် ကောင်းမွန်စေခြင်း၊ မြေချဉ်ငန်ကိန်း လျော့ကျခြင်း တို့အပြင် ပိုက်ဆံလျှော်သည် မြေဆီလွှာမရွေး ကြီးထွားသောအပင်ဖြစ်၍ လျင်မြန်စွာကြီးထွားမှုနှင့် အတူ မြေပြင်ရှိပေါင်းပင်များကိုဖုံးအုပ်ပြီး ပေါင်းပင် များကို နေရောင်ခြည်ရရှိမှုမှ ကာကွယ်ပေးသည့် အတွက် ပေါင်းပင်များ မကြီးထွားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် သီးနှံစိုက်ခင်းများတွင် ယူရီးယား ပုလဲ မြေဩဇာ ထည့်သွင်းမှုကြောင့် ကမ္ဘာကြီးကို ပူနွေး စေသော ဖန်လုံအိမ်ဓာတ်ငွေ့ ခြောက်မျိုးအနက် နိုက်ထရပ်အောက်ဆိုက်ဓာတ်ငွေ့ကို ထွက်ပေါ်စေပြီး ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာကို စိုက်ပျိုးခြင်းဖြင့် နိုက်ထရပ်အောက်ဆိုက်ဓာတ်ငွေ့ ထွက်ရှိမှုကို လျော့ပါးစေသည်။
သီးနှံအရည်အသွေးမြင့်မားစေ
ထို့အတူ ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)ကို အသုံးပြုခြင်းဖြင့် ဓာတ်မြေဩဇာ လျှော့ချအသုံးပြု နိုင်ခြင်းကြောင့် ထွက်ကုန်သီးနှံများတွင် ဓာတု ဓာတ်ကြွင်းအန္တရာယ် ကင်းရှင်းပြီး သီးနှံအရည် အသွေးမြင့်မားခြင်း၊ စားသုံးသူ ဘေးအန္တရာယ်ကင်း ခြင်း၊ သီးနှံဈေးကောင်းရရှိခြင်းနှင့် ထုတ်လုပ်မှု စရိတ်သက်သာ၍ စီးပွားရေးအရ တွက်ခြေကိုက်ခြင်း စသည့် အကျိုးကျေးဇူးများလည်း ရရှိနိုင်သည်။
ပိုက်ဆံလျှော်၏ ပန်းပွင့်သည် အဝါရောင်ရှိပြီး ပန်းနှမ်းခင်းကဲ့သို့ တစ်ခင်းလုံး တစ်ပြိုင်တည်း ပွင့်သောကြောင့် ပန်းဝတ်ရည်စုပ် ပျားပိတုန်းများကို ဆွဲဆောင်မှုရှိ၍ ပျားမွေးမြူရေးအတွက်လည်း အသုံး ဝင်သော အပင်မျိုးဖြစ်ကြောင်း သိရသည်။
လျှော်အဖြစ်အသုံးပြုလျှင်
ပိုက်ဆံလျှော်ကို မျိုးစေ့ထုတ်ရန်နှင့် လျှော် အတွက် အသုံးပြုပါက တစ်ဧကလျှင် မျိုးစေ့ နှစ်ပြည်ကို အတန်းစနစ်ဖြင့် တန်းကြား ၄၅ စင်တီ မီတာ၊ ပင်ကြား ၃ စင်တီမီတာမှ ၄ စင်တီမီတာကြား စိုက်ပျိုးရမည်ဖြစ်သည်။ သစ်စိမ်းမြေဩဇာအဖြစ် သုံးစွဲပါက ၄၅ ရက်သားမှ ၆၀ ရက်သားအတွင်း အသုံးပြုရပြီး အစိုအလေးချိန် တစ်ဧက ခြောက်တန်မှ ၁၀ တန်အထိ ထွက်ရှိသည်။ မျိုးစေ့ထုတ်ပါက ရက် ၁၅၀ သားတွင် ရင့်မှည့်ပြီဖြစ်၍ ရိတ်သိမ်း မျိုးစေ့ ထုတ်ယူနိုင်သည်။ တစ်ဧကလျှင် မျိုးစေ့အဖြစ် ခြောက်တင်းမှ ၁၀ တင်းအထိ ထွက်ရှိနိုင်သည်။ လျှော်အဖြစ်အသုံးပြုပါက ရက် ၁၀၀ မှ ရက် ၁၂၀ ခန့်တွင် ခုတ်သိမ်း၍ ဂုန်လျှော်ကဲ့သို့ လျှော်ထုတ် နိုင်ပြီး လူသုံးကုန်ပစ္စည်းများ ရက်လုပ်နိုင်ကြောင်း သိရသည်။
ပိုမိုစိုက်ပျိုးသင့်
ပိုက်ဆံလျှော်သည် အပူပိုင်း၊ သမပိုင်းနှင့် အချို့ အအေးပိုင်းဒေသများ၌ ရာသီအားလုံးတွင် စိုက်ပျိုး နိုင်ပြီး သစ်စိမ်းမြေဩဇာအပြင် ပိုက်ဆံလျှော်မှ ရရှိသောလျှော်ဖြင့် လူသုံးကုန်များကို ထုတ်လုပ်နိုင် သည့်အပြင် တိရစ္ဆာန်အစာနှင့် မြေဩဇာအဖြစ် အသုံးပြုမည်ဆိုပါက အခြားသီးနှံများ နှစ်သက်သော အာဟာရတန်ဖိုးများစွာကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြေဆီလွှာကို ပြန်လည်ကောင်းမွန် ပြည့်ဖြိုးစေပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးကို အထောက်အကူဖြစ်စေသည့် ပိုက်ဆံလျှော်ပင် ကို ပိုမိုစိုက်ပျိုးသင့်ပါကြောင်း။ ။