
၁။ ယခုအခါ မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ကျဆင်းလာပါ သဖြင့် နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်(Commercial Flight)များဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများ၊ နိုင်ငံခြားသားများ နိုင်ငံအတွင်းသို့ ဝင်ရောက်ရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် စီစဉ်၍ (၁၇-၄-၂၀၂၂)ရက်နေ့၊ (၀၀:၀၀)နာရီမှစ၍ ပြေးဆွဲဆောင်ရွက်ခဲ့ရာ (၂၈-၄-၂၀၂၂)ရက်နေ့အထိ ဝင်ရောက်လာသူခရီးသည်များမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်း လွန်စွာနည်းပါးကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
၂။ အဆိုပါတွေ့ရှိချက်အရ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight)များဖြင့် ပြန်လည်လိုက်ပါလာသူများအား ယခင်က သတ်မှတ်ဟိုတယ်တွင် (၂၄)နာရီ နေထိုင်စေ၍ RT-PCR နည်းဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ခြင်းအစား (၁-၅-၂၀၂၂)ရက်နေ့၊ (၀၀:၀၀)နာရီမှစတင်၍ ကုန်ကျစရိတ်သက်သာပြီး ဓာတ်ခွဲအဖြေ အချိန်တိုအတွင်း ချက်ချင်းရရှိနိုင်သော RDT နည်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စစ်ဆေးပေးခြင်းကို ပြောင်းလဲဆောင်ရွက် သွားမည်ဖြစ်ပါသည်။
၃။ ၎င်းအပြင် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် (Relief Flight) များ၊ နယ်စပ်ဝင်/ထွက်ဂိတ်များမှ ပြန်လည်ဝင်ရောက်လာသူများအား ယခင်က ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးပါက အသွားအလာကန့်သတ်ထားရှိမှု (၅)ရက်အစား (၃)ရက်သို့လည်းကောင်း၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံမှုမရှိပါက အသွားအလာကန့်သတ်ထားရှိမှု (၇)ရက်အစား (၅)ရက်သို့လည်းကောင်း ပြင်ဆင် ပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၄။ သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော (က) နိုင်ငံတကာပုံမှန်လေကြောင်း ခရီးစဉ်(Commercial Flight)၊ (ခ) ကယ်ဆယ်ရေးလေယာဉ်(Relief Flight) နှင့် (ဂ) နယ်စပ်ဝင်/ထွက် ဂိတ်များမှ ဝင်ရောက်လာမည့် ခရီးသွားများအတွက် အသွားအလာကန့်သတ်မှုနှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းဆောင်ရွက်မည့်အစီအစဉ်များပါ လမ်းညွှန်ချက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
(၂၉-၄-၂၀၂၂)