နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်တွင် RDT ဖြင့် စစ်ဆေးမည့် အစီအစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ဆောင်ရွက်သွားမည်

 

နေပြည်တော်   ဧပြီ    ၂၈


ပြည်ပမှ လေကြောင်းခရီးစဉ်များဖြင့် ဝင်ရောက်ရာ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက် များနှင့်အညီ စနစ်တကျ ထပ်မံဖြေလျှော့ပေးနိုင်ရေး   အတွက် “နိုင်ငံတကာပုံမှန် လေကြောင်းခရီးစဉ်များ ပြေးဆွဲရာတွင် RDT ဖြင့်ပြောင်းလဲစစ်ဆေးဆောင် ရွက်မည့်   အစီအစဉ်နှင့်     ပတ်သက်သည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး”ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျန်းမာရေးဝန်ကြီးဌာန     အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင်          ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက       နိုင်ငံတကာပုံမှန် လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရေးနှင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ   နိုင်ငံအတွင်းသို့   ဝင်ရောက် ရာတွင်   ကိုဗစ်-၁၉   စည်းကမ်းချက်များနှင့်အညီ စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။

 


နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များ Com-mercial flight ကို ဧပြီ ၁၇ ရက်၊ (၀၀:၀၀) နာရီ မှစ၍ ပြေးဆွဲဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၆ ရက် အထိ ဝင်ရောက်လာသူ ခရီးသည် ၄၄၁၂ ဦးအနက် ကိုဗစ်-၁၉  ရောဂါပိုးတွေ့ရှိရသူ   ၁၅  ဦး၊ ပိုးတွေ့ ရာခိုင်နှုန်း ၀ ဒသမ ၃၄ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိ ရပြီး အဆိုပါကာလအတွင်း ကယ်ဆယ်ရေးလေယာဉ် Relief flight ဖြင့် ဝင်ရောက်လာသူ ခရီးသည် ၉၉၀ အနက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရသူ ခြောက်ဦး၊ ပိုးတွေ့ရာခိုင်နှုန်း ၀ ဒသမ ၆၁ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရသဖြင့်  ရောဂါပိုးတွေ့ရှိမှု နည်းပါးကြောင်း  တွေ့ရသည်။

 


 နိုင်ငံတကာ   ပုံမှန်လေကြောင်း   ခရီးစဉ်များ Commercial  flight  များ  ပြေးဆွဲခွင့်ပြုရာတွင် တွေ့ရှိရသော အတွေ့အကြုံများ၊ လုပ်ငန်းလိုအပ်ချက် များနှင့် အခက်အခဲများပေါ် မူတည်၍ လေယာဉ်စီး ခရီးသည်များအနေဖြင့် စောင့်ဆိုင်းချိန်နည်းပါးခြင်း၊ ကုန်ကျစရိတ်သက်သာခြင်းစသည့် အကျိုးကျေးဇူး များ ရရှိစေမည့်  COVID19 Antigen Rapid Diagno-stic Test (RDT) နည်းဖြင့် ပြောင်းလဲစစ်ဆေး ဆောင် ရွက်မည်ဖြစ်ကြောင်း၊ RDT ဖြင့် ပြောင်းလဲစစ်ဆေး  ဆောင်ရွက်မည့် အစီအစဉ် (မူကြမ်း) နှင့်ပတ်သက်၍  အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက်    ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ခရီးသည်ဦးရေနှင့်လျော်ညီမည့် ဝန်ဆောင်မှုများ အချိန်တိုအတွင်း   ပေးအပ်နိုင်ရေးနှင့်   စပ်လျဉ်း၍ လည်းကောင်း၊       ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး (ကူးစက်) က နိုင်ငံတကာ  ပုံမှန် လေကြောင်းခရီးစဉ်များ ပြေးဆွဲရာတွင်  RDT  ဖြင့် ပြောင်းလဲစစ်ဆေး    ဆောင်ရွက်မည့်      အစီအစဉ် (မူကြမ်း) နှင့် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲရာတွင် ကြုံတွေ့ရသော အတွေ့ အကြုံများနှင့်    အခက်အခဲများကိုလည်းကောင်း၊ အစည်းအဝေး  တက်ရောက်လာသူများက  ပြည်ပ နိုင်ငံများမှ  ဝင်ရောက်လာမည့်   နိုင်ငံခြားသားများအား ခွင့်ပြုနိုင်သော  ဗီဇာအမျိုးအစားများ၊  ခရီးသွားများ အနေဖြင့် ကျန်းမာရေးအာမခံ (Health Insurance)  လုပ်ငန်းများ    ဆောင်ရွက်ရေးကိစ္စရပ်များ၊    RDT နည်းဖြင့် စစ်ဆေးရာတွင် လေဆိပ်၌ မြန်မာကျပ်ငွေ ဖြင့်     ငွေကြေးကောက်ခံမည့်    လုပ်ငန်းစဉ်များ၊ လေယာဉ်ဆိုက်ရောက်ချိန်တွင် နိုင်ငံတကာငွေကြေး မှ မြန်မာကျပ်ငွေသို့ လဲလှယ်မှုလုပ်ငန်းဆောင်ရွက် ပေးနိုင်မည့်အခြေအနေများ၊    လေဆိပ်တွင်     RDT နည်းဖြင့် စစ်ဆေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေး  အဓိကထား   ဆောင်ရွက်ရန်နှင့်    စောင့်ဆိုင်းချိန် အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ထား ရမည့်လုပ်ငန်းများ၊ ကျန်းမာရေးဝန်ထမ်းအင်အား ပိုမိုတိုးမြှင့်ကာ   ဓာတ်ခွဲနမူနာ  ရယူစစ်ဆေးမည့် လုပ်ငန်းများ၊ အရည်အသွေး ပြည့်မီသော RDT test   kit များ အသုံးပြု၍ စစ်ဆေးမည့် အစီအစဉ်များ၊   မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူများတွင် သတ်မှတ် ထား‌သော အထောက်အထား၊ စာရွက်စာတမ်းများ အပြည့်အဝပါရှိစေရေးနှင့် မှန်ကန်မှုရှိစေရေးအတွက်  ကြိုတင်ညှိနှိုင်း  ဆောင်ရွက်ထားရမည့်  လုပ်ငန်းစဉ် များ၊ ခရီးသည်များအနေဖြင့် လိုအပ်သော သတင်း  အချက်အလက်များကို    အသိပေးကြေညာရေးနှင့် အထွေထွေညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။   
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ  ဒုတိယဝန်ကြီးများ၊   ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်  ညွှန်ကြားရေးမှူးချုပ်များ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် ဝင်ရောက် လာကြမည့် ခရီးသည်များကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ  RDT  ဖြင့်  စစ်ဆေးဆောင်ရွက်ရန် ပြင်ဆင်ဆောင် ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ အား လိုအပ်သည်များ မှာကြားသည်။

 


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်   ကိုဗစ်-၁၉ ကာကွယ်၊   ထိန်းချုပ်၊   ကုသရေးဗဟိုကော်မတီ၏ လမ်းညွှန်မှုခံယူ၍ နိုင်ငံတကာ လေကြောင်းခရီးစဉ် များကို ကိုဗစ်-၁၉ ရောဂါ ပြည်ဝင်ခွင့် လိုအပ်ချက် များနှင့်အညီ  ဧပြီ  ၁၇  ရက်မှစတင်၍  သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ပုံမှန်ပြန်လည်ပြေးဆွဲ ခွင့်ပြုခဲ့ရာ ပြန်လည်ရောက်ရှိလာသူများ၌ ရောဂါပိုး တွေ့ရှိမှု   နည်းပါးကြောင်း   စစ်ဆေးတွေ့ရှိရသဖြင့် လွယ်ကူမြန်ဆန်ပြီး ကုန်ကျစရိတ်သက်သာစေမည့် RDT နည်းဖြင့် ပြောင်းလဲစစ်ဆေးခြင်းကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။               

သတင်းစဉ်