
မြစ်ကြီးနား ဧပြီ ၂၇
ကချင်ပြည်နယ်အစိုးရအဖွဲ့က ပူတာအိုခရိုင်အတွင်းရှိ ဆွတ်ပီယန်ကျေးရွာအုပ်စုနှင့် လုံရှာယန်ကျေးရွာ အုပ်စုများမှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့နယ်အတွင်း ခေတ္တနေရပ်စွန့်ခွာတိမ်းရှောင် လာသော ဒေသခံပြည်သူများအား ၎င်းတို့၏ နေရပ်ကျေးရွာများသို့ ပြန်လည်နေထိုင်ရေး စီမံဆောင်ရွက် ပေးလျက်ရှိရာ ဧပြီ ၂၇ ရက် နံနက် ၈ နာရီခွဲက စီတာပူရပ်ကွက်ရှိ မနောကွင်းအတွင်း စုရပ်ပြုလုပ်ပြီး ကျန်ရှိနေသေးသည့် အိမ်ထောင်စုများအား နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မနောကွင်းအတွင်း စုရပ်ပြုလုပ်၍ တတိယအသုတ်အဖြစ် ခေတ္တနေရပ် စွန့်ခွာတိမ်းရှောင်လာသော အိမ်ထောင်စု ၈၉ စု၊ လူဦးရေ ၂၄၆ ဦးတို့အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်နှင့်အဖွဲ့ဝင်များက ပြန်လည်လိုက်ပါပို့ဆောင် ပေးကြမည့် ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များမှ ဘုန်းတော်ကြီးများ၊ တာဝန်ရှိသူများနှင့် နေရပ်ပြန် ပြည်သူများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံပြီး လမ်းခရီးတွင် စားသောက်နိုင်ရေး မုန့်နှင့် ရေသန့် ဘူးများ၊ သက်ကြီးဘိုးဘွားများနှင့် မိခင်များအတွက် ထောက်ပံ့ငွေများနှင့် တစ်အိမ်ထောင်လျှင် ဆန် တစ်အိတ်စီ ထောက်ပံ့ပေးအပ်သည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နေရပ် ပြန်လည်နေထိုင်ရာတွင် လိုအပ်သည့်အခက်အခဲ များ၊ လတ်တလော နေထိုင်စားသောက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ များကို ရှင်းလင်းပြောကြားပြီး လမ်းခရီးအစဉ်ပြေ ချောမွေ့စေရေးအတွက် လိုအပ်သည်များကို ဘာသာ ရေးခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ကန်ပိုက်တီနယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများကို မြစ်ကြီးနားမြို့၌ ယမန်နေ့ ညပိုင်းက စိစစ်လက်ခံ၍ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိသည့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန မိုးလုံ လေလုံအားကစားခန်းမသို့ သွားရောက်ပြီး ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၁၃ ဦး တွေ့ဆုံအားပေးစကား ပြောကြားသည်။
ယင်းနောက် ပြည်ပမှ ပြန်လည်ဝင်ရောက် လာသူ အမျိုးသမီး ၈၅ ဦးတို့ကို အသွားအလာ ကန့်သတ် စောင့်ကြည့်ထားရှိသည့် သီတဂူ စက္ခုဒါနဆေးရုံသို့ သွားရောက် တွေ့ဆုံအားပေး ခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအတွက် လိုအပ်သည့် အစားအသောက်၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကြီးကြပ် စောင့်ကြည့်သည့်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)