ချေးငွေအစီအစဉ် ကောင်းမွန်စွာလည်ပတ်နိုင်ခြင်းဖြင့် တောင်သူများဝင်ငွေတိုးတက်လာပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်

 

နေပြည်တော်    ဧပြီ    ၂၇


မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က    အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော   စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း (JICA, Two Step Loan) စီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေး (၂၁/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးရုံး အစည်း အဝေးခန်းမ၌  ကျင်းပသည်။

 


အစည်းအဝေးတွင်   ဒုတိယဝန်ကြီး  ဦးမောင် မောင်ဝင်းက JICA, Two Step Loan ချေးငွေစီမံကိန်း ကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး စီမံကိန်း တန်ဖိုး ကျပ်ဘီလီယံ ၂၀၀ ခန့်ရှိကာ ဆိုင်းငံ့ကာလ ၁၀   နှစ်၊   ပြန်ဆပ်ကာလ  နှစ်  ၃၀ ၊  ပေါင်းနှစ် ၄၀  သက်တမ်းရှိကြောင်း၊      မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားများ၏    လယ်ယာကုန်ထုတ် လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် လယ်ယာသုံး စက်ကိရိယာများနှင့် လယ်ယာစီးပွားအခြေခံစက်ရုံ၊ အလုပ်ရုံများတည်ဆောက်နိုင်ရန်      အတိုးနှုန်း သက်သာသည့် ချေးငွေများကို တောင်သူတစ်ဦးချင်း ကျပ်သိန်း ၇၀၀ အထိ နှစ်တို သုံးနှစ်၊ နှစ်ရှည် ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့်      ထုတ်ချေးပေးလျက် ရှိကြောင်း။

 


၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်ထိ နေပြည်တော် ကောင်စီ၊   တိုင်းဒေသကြီးနှင့် ပြည်နယ်  ၁၄ ခုရှိ မြို့နယ် ၁၈၇ မြို့နယ်တို့မှ တောင်သူ ၅၅၇၆ ဦးကို ချေးငွေကျပ် ၂၂၉ ဒသမ ၉၇၉ ဘီလီယံ ထုတ်ချေး  ပေးထားပြီးဖြစ်ကြောင်း၊   ချေးငွေရယူထားသည့် တောင်သူများ အချိန်စေ့အရစ်ကျ ပြန်ဆပ်သည့်ငွေကို ချေးငွေရယူလိုသည့်တောင်သူများသို့ စဉ်ဆက်မပြတ် ထုတ်ချေးပေးလျက်ရှိကြောင်း၊   ချေးငွေအစီအစဉ် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်လာပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့်    မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲအဆင့် ဆင့်အနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် စဉ်ဆက် မပြတ် Evaluation   &   Monitoring  ပြုလုပ်ပြီး စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊    ဆက်စပ်ဌာနများနှင့် ပူးပေါင်း    ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 


ထို့နောက်       မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးဦးမင်းသူနှင့် တာဝန်ရှိသူ များက JICA, Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေနှင့်      တောင်သူတစ်ဦးချင်း အများဆုံးထုတ်ချေးနိုင်မည့် ငွေပမာဏ သိန်း ၅၀၀  မှ သိန်း ၇၀၀ သို့ တိုးမြှင့်ထုတ်ချေးခွင့်ပြုသည့် အခြေ အနေများကို  ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 


အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊  စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်  ဆည်မြောင်း ဝန်ကြီးဌာနနှင့်   မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီဝင်များ   တက်ရောက်ကြကြောင်း သိရသည်။


သတင်းစဉ်